ပြုလုပ်မှုများကိုပေါင်းမှ ပြစ်မှုတစ်ခုမြောက်သည်တွင် မည်သူမဆို ထိုပြစ်မှုကို ကျူးလွန်ရာ၌ ဆိုခဲ့သော ပြုလုပ်မှုများအနက် တစ်ခုခုကိုတစ်ဦးတည်းသော်လည်းကောင်း၊ အခြားသူနှင့်တွဲဖက်၍သော် လည်းကောင်း ပြုလုပ်ခြင်းဖြင့် တမင်ပူးပေါင်းဆောင်ရွက်လျှင် ထိုသူသည် ထိုပြစ်မှုကို ကျူးလွန်သည်။
ဥပမာများ
(က) A နှင့် B တို့သည် တစ်ဦးချင်းစီ တစ်ချိန်စီ အဆိပ်အနည်းငယ်သင့်စေခြင်းဖြင့် Z ကို သတ်ရန် သဘောတူကြသည့်အတိုင်း Z ကိုသတ်ရန် ကြံရွယ်၍ အဆိပ်သင့်စေ၏။ Z သည် ထိုသို့ အကြိမ်ကြိမ်သင့်စေသည့် အဆိပ်ကြောင့် သေဆုံး၏။ ဤတွင် A နှင့် B တို့သည် လူသတ်မှု ကျူးလွန်ရာ၌ တမင်ပူးပေါင်းဆောင်ရွက်ကြ၏။ ထို့ပြင် ထိုသူအသီးသီးသည် Z အား သေစေသော ပြုလုပ်မှုကို ပြုသည်ဖြစ်သောကြောင့် ထိုသူတို့၏ ပြုလုပ်မှုများသည် သီးခြားစီဖြစ်သော်လည်း ထိုပြစ်မှုအတွက် နှစ်ဦးလုံး လူသတ်မှုပြစ်ဒဏ်ထိုက်သင့်သည်။
(ခ) A နှင့် B တို့သည် တွဲဖက်ထောင်မှူးများ ဖြစ်ကြ၍ အကျဉ်းသား Z ကို ခြောက်နာရီကျ တစ်လှည့်စီ စောင့်ထိန်းကြရ၏။ A နှင့် B တို့သည် Z အား ကျွေးမွေးရန် ပေးအပ်ရရှိသော အစားအစာကို ဆိုင်ရာအလှည့်ကျသည့်အခါများတွင် Z သေစေရန် ကြံရွယ်၍ အစားအစာပေးရန် ဥပဒေနှင့်မညီ ပျက်ကွက်ခြင်းဖြင့် မိမိတို့အကြံထမြောက်စေရန် သိလျက်နှင့် ပူးပေါင်းဆောင်ရွက်ကြ၏။ Z သည် အစာငတ်သဖြင့် သေဆုံးသည်။ ဤတွင် A နှင့် B နှစ်ဦးလုံးသည် Z ကို သတ်မှုအတွက် လူသတ်မှု ပြစ်ဒဏ်ထိုက်သင့်သည်။
(ဂ) ထောင်မှူး A သည် အကျဉ်းသား Z ကို စောင့်ကြပ်ရသည်။ A သည် Z သေစေရန် ကြံရွယ်၍ Z အား အစားအစာပေးရန် ဥပဒေနှင့်မညီ ပျက်ကွက်မှုကိုပြု၏။ ထို့ကြောင့် Z သည် အင်အားယုတ်လျော့သည်။ သို့ရာတွင် ငတ်မွတ်စေခြင်းသည် သေခြင်းသို့ မရောက်သေးချေ။ ထို့နောက် A သည် ရာထူးမှ ထုတ်ပစ်ခြင်းကို ခံရသည်။ A ကို B က ဆက်ခံသည်။ B သည် Aနှင့်ပူးပေါင်းကြံစည်ခြင်းသော်လည်းကောင်း၊ Aနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသော်လည်းကောင်း မပြုသော်လည်း Z သေစေတန်ရာသည်ကို သိလျက်နှင့်အစားအစာပေးရန် ဥပဒေနှင့်မညီပျက်ကွက်မှုကို ပြုသောကြောင့် Z သည် ဆာလောင်ငတ်မွတ်၍ သေဆုံးလျှင် B သည် လူသတ်မှုကို ကျူးလွန်ရာရောက်သည်။ A သည် B နှင့် ပူးပေါင်းဆောင်ရွက်သူမဟုတ်သောကြောင့် လူသတ်မှုကျူးလွန်ရန် အားထုတ်မှုအတွက်သာလျှင် ပြစ်ဒဏ်ထိုက်သင့်သည်။