ပုဒ်မ ၄၇၄
ပုဒ်မ ၄၇၄
ပုဒ်မ ၄၆၆ အရဖြစ်စေ၊ ပုဒ်မ ၄၇၁ အရ ဖြစ်စေ ထိန်းသိမ်းထားသည့် ရူးသွပ်သူကို လွှတ်ရန်သင့် တော်ပြီဟု အစီရင်ခံသည့်အခါ လိုက်နာရန်ကျင့်ထုံး

(၁) ဆိုခဲ့သည့်သူကို ပုဒ်မ ၄၆၆၊ သို့မဟုတ် ၄၇၁ ပါပြဋ္ဌာန်းချက်များအရထိန်း သိမ်းထားလျှင်သူ ့ကိုယ်သူဖြစ်စေ၊ အခြားသူတစ်ဦးတစ်ယောက်ကိုဖြစ်စေ အန္တရာယ်ပြုလိမ့်မည်ဟု စိုးရိမ်ရန်မရှိဘဲ ဆိုခဲ့သည့်သူကို လွှတ်ပေးနိုင်ကြောင်း အကျဉ်းထောင်မင်းကြီးကဖြစ်စေ၊ စိတ္တဇ ဆေးရုံ ကြည့်ရှုရသူများကဖြစ်စေ သက်သေခံလက်မှတ်ထုတ်ပေးသည့်အခါ နိုင်ငံတော်သမ္မတသည် ထိုသို့ သက်သေခံလက်မှတ် ထုတ်ပေးသည်နှင့်တစ်ပြိုင်နက် ဆိုခဲ့သည့်သူကိုလွှတ်ရန်၊ သို့မဟုတ် အချုပ်နှင့်ထိန်းသိမ်းထားရန်၊ သို့မဟုတ် စိတ္တဇဆေးရုံသို့ မပို့ရသေးလျှင် စိတ္တဇဆေးရုံသို့ လွှဲအပ်တင်ပို့ရန် အမိန့်ချမှတ်ရမည်။ ထို့ပြင် နိုင်ငံတော်သမ္မတက ဆိုခဲ့သည့်သူကို စိတ္တဇဆေးရုံသို့ လွှဲအပ်တင်ပို့ရန် အမိန့်ချမှတ်လျှင် တရားရေးဝန်ထမ်းတစ်ဦးနှင့် ဆေးဘက်အရာရှိနှစ်ဦးပါဝင်သော ကော်မရှင်တစ်ရပ်ကို ခန့်အပ်နိုင်သည်။

(၂) အဆိုပါကော်မရှင်သည် လိုအပ်သည့် သက်သေခံချက်များကို ရယူပြီး ဆိုခဲ့သည့်သူ၏ စိတ်အခြေအနေကို စနစ်တကျစုံစမ်းစစ်ဆေးပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်။ နိုင်ငံတော်သမ္မတသည် ဆိုခဲ့သည့်သူကို လွှတ်ရန်သော်လည်းကောင်း၊ ဆက်လက် ထိန်းသိမ်းရန် သော်လည်းကောင်း မိမိသင့်သည်ထင်မြင်သည့်အတိုင်း အမိန့်ချမှတ်နိုင်သည်။