၁၂၄-ခ။ မည်သူမဆို −
(က) ပြည်ထောင်စု၏ အဖွဲ့အစည်းများကိုသော်လည်းကောင်း၊ ပြည်ထောင်စုအတွင်းရှိ နယ်မြေ၏ အဖွဲ့အစည်းများကိုသော်လည်းကောင်း အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ အကြမ်းဖက်ခြင်းဖြင့်ဖြစ်စေ၊ အဆိုပါ အဖွဲ့အစည်းတစ်ခုခု၏ အရာရှိတစ်ဦးဦးကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့်ဖြစ်စေ ဖြုတ်ချခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို တာဝန်ရှိသည် သို့မဟုတ် လိုအပ်သည် သို့မဟုတ် အလိုဆန္ဒရှိသည် သို့မဟုတ် လျော်ကန်သင့်မြတ်သည်ဟု သိလျက်နှင့်သော်လည်းကောင်း၊ တမင်သော်လည်းကောင်း နှိုးဆော်လျှင် သို့မဟုတ် အကြံပေးလျှင် ( * * * ) သို့မဟုတ် သင်ကြားလျှင် သို့မဟုတ်
(ခ) အဆိုပါ အဖွဲ့အစည်းတစ်ခုခုကို အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ အကြမ်းဖက်ခြင်းဖြင့်ဖြစ်စေ ဖြုတ်ချခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို တာဝန်ရှိသည် သို့မဟုတ် လိုအပ်သည် သို့မဟုတ် အလိုဆန္ဒရှိသည် သို့မဟုတ် လျော်ကန်သင့်မြတ်သည်တို့ကို နှိုးဆော်သည့်၊ အကြံပေးသည့် သို့မဟုတ် သင်ကြားသည့် စာဖြင့်ရေးသားထားသော သို့မဟုတ် ပုံနှိပ်ထားသော အကြောင်းအရာတစ်ခုခုကို သိလျက်နှင့်ဖြစ်စေ၊ တမင်ဖြစ်စေ ပုံနှိပ်လျှင်၊ ထုတ်ဝေလျှင်၊ တည်းဖြတ်လျှင်၊ ထုတ်လုပ်လျှင်၊ ဖြန့်ချိလျှင်၊ ရောင်းချလျှင်၊ ဝေငှလျှင် သို့မဟုတ် အများမြင်သာအောင်ပြသလျှင် သို့မဟုတ်
(ဂ) အဆိုပါ အဖွဲ့အစည်းတစ်ခုခုကို အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ အကြမ်းဖက်ခြင်း ဖြင့်ဖြစ်စေဖြုတ်ချခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို သင်ကြားသည့် သို့မဟုတ် နှိုးဆော်သည့် သို့မဟုတ် အားပေးသည့် သူများပါဝင်သော အသင်းအဖွဲ့၊ အုပ်စု၊ အစုအဝေးတစ်ခုခုကို စည်းရုံးလျှင် သို့မဟုတ် စည်းရုံးရာတွင် ကူညီလျှင် သို့မဟုတ်
(ဃ) အဆိုပါအသင်းအဖွဲ့၊ အုပ်စု၊ အစုအဝေးတစ်ခုခုတွင် ယင်း၏ရည်ရွယ်ချက်ကို သိလျက်နှင့် အသင်းဝင်အဖြစ် ပါဝင်လျှင်ဖြစ်စေ၊ ဆက်နွှယ်ပါဝင်လျှင်ဖြစ်စေ ထိုသူကို သုံးနှစ်အောက်မနည်း ဆယ်နှစ် ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ရှင်းလင်းချက်။ ဤပုဒ်မအလို့ငှာ “ပြည်ထောင်စု၏ အဖွဲ့အစည်းများ သို့မဟုတ် ပြည်ထောင်စု အတွင်းရှိနယ်မြေများ၏အဖွဲ့အစည်းများ” ဆိုသည့် စကားရပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စု၏ အဖွဲ့အစည်းများ သို့မဟုတ် ပြည်ထောင်စုအတွင်းရှိ နယ်မြေများ၏ အဖွဲ့အစည်းများကို ဆိုသည်။