ပုဒ်မ ၂၈၆
ပုဒ်မ ၂၈၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

(က) (၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့၏ ရာထူးသက်တမ်းသည် သာမန်အား ဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်၊

(၂) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက် လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊

(၃) နိုင်ငံတော်သမ္မတသည်-

(ကက) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မ ဟုတ် ကောင်စီဝင် တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်၊

(ခခ) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား နေပြည်တော် ကောင်စီဝင်နှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။

(၄) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင် ရာထူးနေရာလစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နေပြည်တော်ကောင်စီဥက္ကဋ္ဌအသစ် သို့မဟုတ် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသစ် သို့မဟုတ် ကောင်စီဝင် အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်း အတွက်သာ ဖြစ်စေရမည်။

(ခ) နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။