ပုဒ်မ ၅၄၉
ပုဒ်မ ၅၄၉
စစ်တရားရုံးက စစ်ဆေးစီရင်ပိုင်သူတို့ကို စစ်ဘက်ဆိုင်ရာ အာဏာပိုင်များထံပေးအပ်ခြင်း

(၁) ကြည်းတပ်၊ ရေတပ်၊ လေတပ်ဆိုင်ရာ ဥပဒေကို လိုက်နာရသူ တစ်ဦး တစ်ယောက်ကို ဤဥပဒေနှင့်သက်ဆိုင်သော တရားရုံးတစ်ရုံးကဖြစ်စေ၊ စစ်တရားရုံးကဖြစ်စေ စစ်ဆေးစီရင်ရမည့် အမှုများတွင် နိုင်ငံတော်သမ္မတက ဤဥပဒေ၊ တပ်မတော်ဥပဒေ၊ ရေတပ် စည်းကမ်း အက်ဥပဒေနှင့်၊ လေတပ်အက်ဥပဒေနှင့် တည်ဆဲ ၎င်းဥပဒေမျိုး တစ်စုံတစ်ရာနှင့်အညီ နည်းဥပဒေများ ပြုနိုင်သည်။ ထို့ပြင် ဤဥပဒေနှင့်သက်ဆိုင်သည့် တရားရုံးတစ်ရုံးကဖြစ်စေ၊ စစ်တရားရုံးကဖြစ်စေ စစ်ဆေးစီရင်ရမည့် ပြစ်မှုတစ်ရပ်နှင့် စွဲဆိုခြင်းခံရသူ တစ်ဦးတစ်ယောက်ကို ရာဇဝတ်တရားသူကြီးရှေ့သို့ တင်ပို့လာသည့်အခါ ထိုရာဇဝတ်တရားသူကြီးသည် ဆိုခဲ့သည့် နည်းဥပဒေများကိုလိုက်နာ၍ သင့်ရာအမှုများတွင် ထိုတရားခံကို စစ်တရားရုံးနှင့် စစ်ဆေးနိုင်ရန် ကိစ္စအလို့ငှာ ၎င်းစွပ်စွဲခံရသည့် ပြစ်မှုအကြောင်း ရေးသားဖော်ပြချက်နှင့်တကွ ၎င်းနှင့်သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့၊ သင်္ဘော၊ သို့မဟုတ် တပ်ဆွယ်၏ တပ်မှူးထံဖြစ်စေ၊ အနီးဆုံး ကြည်းတပ် စခန်း၊ ရေတပ်စခန်း၊ သို့မဟုတ် လေတပ်ဆိုင်ရာ တပ်မှူးထံဖြစ်စေ ပေးအပ်ရမည်။

ဆိုခဲ့သည်သူများကို ဖမ်းဆီးခြင်း။

(၂) ရာဇဝတ်တရားသူကြီး အသီးသီးသည် ဆိုခဲ့သည့်နေရာမျိုး၌ တပ်စွဲထားသော၊ သို့မဟုတ် တာဝန်ထမ်းဆောင်နေသော ကြည်းတပ်၊ ရေတပ်၊ သို့မဟုတ် လတပ် တပ်ဖွဲ့တစ်ခု၏ တပ်မှူးထံမှ စာဖြင့်ရေးသားထားသည့် လျှောက်လွှာရရှိသည့်အခါ ဆိုခဲ့သည့် ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသူ မည်သူကိုမဆို ဖမ်းဆီးရမိနိုင်ရန် အစွမ်းကုန် အားထုတ်ရမည်။