ပုဒ်မ ၁၈
ပုဒ်မ ၁၈
တရားရုံးများ၏ စီရင်ပိုင်ခွင့်ဒေသကို အသေအချာမသိသည့်အခါ အမှုစွဲဆိုရန်နေရာ

(၁)      မရွှေ့မပြောင်းနိုင်သော ပစ္စည်းသည် တရားရုံး နှစ်ရုံး သို့မဟုတ် နှစ်ရုံးထက်ပိုသော တရားရုံးများအနက် မည်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်း တည်ရှိသည်ကို အသေအချာ မသိနိုင်ကြောင်း အဆိုရှိသောအခါ၊ ယင်းတရားရုံးများအနက် တရားရုံးတစ်ရုံးရုံးသည် အဆိုပါ မသေချာကြောင်း အဆို၌ အခြေအမြစ် ရှိသည်ဟု ကျေနပ်လျှင် ထိုအကြောင်းကို ရေးမှတ်၍ ယင်းပစ္စည်းနှင့် စပ်လျဉ်းသည့် အမှုကို လက်ခံစစ်ဆေး ပြီးပြတ်အောင် စီရင်နိုင်သည်။ ယင်းအမှု၌ ချမှတ်သော ဒီကရီသည် ထိုတရားရုံး၏ စီရင်ပိုင်ခွင့် ဒေသအတွင်း ပစ္စည်းတည်ရှိဘိသကဲ့သို့ ထပ်တူ အကျိုးသက်ရောက်မှု ရှိရမည်။ သို့ရာတွင် အဆိုပါ အမှုမှာ အမျိုးအစားနှင့် တန်ဖိုးအရ ယင်းတရားရုံးက စီရင်ပိုင်ခွင့်အာဏာ ရှိသည့် အမှု ဖြစ်ရမည်။

(၂)   ပုဒ်မခွဲ (၁) အရ ထိုသို့ ရေးမှတ်ထားခြင်း မရှိဘဲ၊ ယင်းပစ္စည်းနှင့် စပ်လျဉ်းသည့် အမှုတွင် ဒီကရီ သို့မဟုတ် အမိန့်ကို ပစ္စည်းတည်ရှိရာ စီရင်ပိုင်ခွင့် မရှိသော တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အယူခံရုံး (appellate Court) သို့မဟုတ် ပြင်ဆင်မှုရုံး (revisional Court) တွင် ကန့်ကွက်လာပါက၊ အမှုစတင်စွဲဆိုချိန်၌ စီရင်ပိုင်ခွင့်ရှိသော တရားရုံးနှင့် စပ်လျဉ်း၍ မသေမချာ ဖြစ်စရာ ခိုင်လုံသော အကြောင်းမရှိခဲ့ကြောင်းနှင့် တရားမျှတမှု ပျက်ယွင်းသည့် အကျိုးဆက် (failure of justice) ဖြစ်ပေါ်ခဲ့ကြောင်း အယူခံရုံး သို့မဟုတ် ပြင်ဆင်မှုရုံးက ထင်မြင်ယူဆခြင်း မရှိပါက ယင်းကန့်ကွက်ချက်ကို ခွင့်မပြုရ