ပုဒ်မ ၁၆၅
ပုဒ်မ ၁၆၅
ပြည်သူ့ဝန်ထမ်းသည် မိမိဆောင်ရွက်သည့် မှုခင်းကိစ္စနှင့် သို့မဟုတ် လုပ်ငန်းနှင့် သက်ဆိုင်သူတို့ထံမှ အဖိုးစားနားမပေးဘဲ အဖိုးတန်ပစ္စည်းကို ရယူခြင်း

ပြည်သူ့ဝန်ထမ်းဖြစ်သူတစ်ဦးဦးက မိမိဆောင်ရွက်သော သို့မဟုတ် ဆောင်ရွက်မည်ဖြစ်သော မှုခင်းကိစ္စနှင့်ဖြစ်စေ၊ လုပ်ငန်းနှင့်ဖြစ်စေ သက်ဆိုင်သူဖြစ်ခဲ့ကြောင်း သို့မဟုတ် ဖြစ်ကြောင်း သို့မဟုတ် ဖြစ်တန်ရာကြောင်း မိမိသိသူထံမှဖြစ်စေ၊ မိမိ၏ရာထူးဆိုင်ရာ အလုပ်ဝတ္တရားနှင့် သို့မဟုတ် မိမိ၏အထက်အရာရှိ ပြည်သူ့ဝန်ထမ်း၏ ရာထူးဆိုင်ရာ အလုပ်ဝတ္တရားနှင့် အဆက်အသွယ်ရှိသောသူ ထံမှဖြစ်စေ၊ အဆိုပါ သက်ဆိုင်ရာပုဂ္ဂိုလ်၌ အကျိုးလိုလားခြင်းရှိကြောင်း သို့မဟုတ် ထိုပုဂ္ဂိုလ်နှင့် ဆွေမျိုးတော်စပ်ကြောင်း မိမိသိသောသူထံမှဖြစ်စေ အဖိုးစားနားမပေးဘဲ သို့မဟုတ် မလုံလောက်ဟု မိမိသိသော အဖိုးစားနားကိုပေးလျက် မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ အဖိုးတန်ပစ္စည်းကို လက်ခံလျှင် သို့မဟုတ် ရယူလျှင် သို့မဟုတ် လက်ခံရန် သဘောတူလျှင် သို့မဟုတ် ရယူရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာများ

(က) ကော်လိတ်တော်အရာရှိ A သည် မိမိရုံး၌ Z ၏ မြေခွန်တော်မှု မပြီးမပြတ်မီအတွင်း သဘောရိုးဖြင့်ငှားပါက တစ်လလျှင် အိမ်လခငွေ နှစ်ရာပေးရမည့် အိမ်ကို Z ထံမှ တစ်လလျှင် အိမ်လခငွေ ငါးဆယ်နှင့် သဘောတူငှားရမ်း၏။ ဤအမှုတွင် A သည် ထိုက်တန်လုံလောက်သော အဖိုးစားနားမပေးဘဲ Z ထံမှ အဖိုးတန်ပစ္စည်းကို ရယူသည်မည်၏။

(ခ) တရားသူကြီး A သည် မိမိရုံးတွင် Z ၏ အမှုမပြီးမပြတ်မီအတွင်း အစိုးရငွေပေး ကတိစာချုပ်များကို သတ်မှတ်ထားသော တန်ဖိုးထက်ပိုသောစျေးဖြင့် အရောင်းအဝယ်ဖြစ်နေစဉ် Z ထံမှ ထိုသတ်မှတ်ထား သော တန်ဖိုးအောက်လျော့၍ ဝယ်ယူ၏။ ဤအမှုတွင် A သည် လုံလောက်သော အဖိုးစားနားမပေးဘဲ Z ထံမှ အဖိုးတန်ပစ္စည်းကို ရယူသည်မည်၏။

(ဂ) Z ၏ ညီကို မုသားသက်သေခံမှုဖြင့် တရားသူကြီး A ထံ ဖမ်းဆီးပို့ဆောင်၏။ ထိုအခါက ဘဏ်အစုရှယ်ယာများကို သတ်မှတ်ထားသော တန်ဖိုးအောက်လျော့သော စျေးဖြင့် အရောင်းအဝယ် ဖြစ်နေစဉ် A က သူ၏အစုရှယ်ယာများကို Z သို့ သတ်မှတ်ထားသော တန်ဖိုးထက်ပို၍ ရောင်းချ၏။ A ရသောငွေသည် လုံလောက်သော အဖိုးစားနားမပေးဘဲ ရရှိသော အဖိုးတန်ပစ္စည်းမည်၏။



ကျင့်ထုံး


  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။