အကြောင်းခြင်းရာတစ်ခုခုသည် တစ်ဦးတစ်ယောက်သောသူကသာ သိရှိနိုင်သည့်ထူးခြားသော အကြောင်းခြင်းရာဖြစ်နေသည့်အခါ ထိုအကြောင်းခြင်းရာသက်သေထင်ရှားတင်ပြရန် တာဝန်သည် ထိုသူအပေါ်ကျရောက်သည်။
ဥပမာများ
(က) လူတစ်ဦးတစ်ယောက်သည်တစ်စုံတစ်ခုပြုလုပ်ရာတွင် ထိုပြုလုပ်မှု၏သဘောနှင့်အခြေအနေများ အရ ခန့်မှန်းရသောရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ အခြားရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်လျှင် ထိုအခြား ရည်ရွယ်ချက်ရှိကြောင်းသက်သေထင်ရှားတင်ပြရန်တာဝန်သည် ထိုသူအပေါ်ကျရောက်သည်။
(ခ) A သည်လက်မှတ်မပါဘဲမီးရထားတွင်စီးနင်းလိုက်ပါသည်ဟုစွဲဆိုခြင်းခံရသည်၊ မိမိတွင် လက်မှတ် ပါရှိကြောင်း သက်သေတင်ပြရန်တာဝန်သည် A အပေါ်ကျရောက်သည်။