ပုဒ်မ ၂၃၂
ပုဒ်မ ၂၃၂
ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

(က) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသူများကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်-

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊

(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊

(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊

(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်-

(၁) လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ(က) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊

(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှသင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊

(၃) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဂ) နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကိုစုစည်း၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက်သဘောတူညီချက် ရယူရမည်၊

(ဃ) ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည် ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန်ငြင်းပယ်ခွင့်မရှိစေရ၊

(င) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော် ၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့်ရှိသည်၊

(စ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊

(ဆ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့်အခါတိုင်း ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားရမည်၊

(ဇ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊

(ဈ) ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ် သည်ဟု မှတ်ယူရမည်၊

(ည) (၁) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည် ဟုမှတ်ယူရမည်၊

(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။

(ဋ) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရ။



ကျင့်ထုံး