(၁) လူတစ်ဦးတစ်ယောက်သည် ရဲအချုပ်၌ရှိနေစဉ် သေဆုံးသောအခါ ၎င်းပြင် ပုဒ်မ ၁၇၄၊ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (က)၊ (ခ) နှင့် (ဂ) တို့တွင် ဖော်ပြထားသော အခြားအမှု တစ်စုံတစ်ရာတွင် ပုဒ်မ ၁၅၄ ၏ ပြဋ္ဌာန်းချက်များအရ ပထမ သတင်းပေးတိုင်တန်းချက်ကို ရေးမှတ်ခြင်း မပြုခဲ့ လျှင် သေမှုသေခင်းများကို စစ်ဆေးပိုင်ခွင့်အာဏာရှိသော အနီးဆုံး ရာဇဝတ်တရားသူကြီးသည် ရဲအရာရှိ ၏ စုံစမ်းထောက်လှမ်းမှုပြုလုပ်ပြီး ဖြစ်စေကာမူ မည်သည့်အတွက် သေဆုံးရကြောင်းကို စုံစမ်း စစ်ဆေးခြင်းပြုလုပ်ရမည်။ ထို့ပြင် အဆိုပါ စုံစမ်းစစ်ဆေးခြင်းပြုရာတွင် ပြစ်မှုတစ်ရပ်ကို စုံစမ်းစစ်ဆေးရာ၌ ရရှိသောအာဏာများကို ရရှိစေရမည်။ အဆိုပါ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သော ရာဇဝတ်တရားသူကြီးသည် ယင်းစုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ သက်သေခံချက်ကို ရယူရာ၌ သမ္မန်မှုများအတွက် နောက်တွင် သတ်မှတ်ထားသော နည်းလမ်းအတိုင်း ရေးမှတ်ယူရမည်။ ၎င်းပြင် မည်သည့်အကြောင်းကြောင့် သေဆုံးရကြောင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။
လူသေအလောင်းများကို တူးဖော်နိုင်ခွင့် အာဏာ
(၂) မည်သည့်အကြောင်းကြောင့် သေဆုံးရကြောင်း သိရှိနိုင်ရန်အတွက် မြှုပ်နှံပြီးဖြစ်သော လူတစ်ယောက်၏အလောင်းကို စစ်ဆေးကြည့်ရှုသင့်သည်ဟု အဆိုပါရာဇဝတ် တရားသူကြီးက ထင်မြင်သည့်အခါ ၎င်းအနေဖြင့် အလောင်းကို တူးဖော်၍ စစ်ဆေး ကြည့်ရှုစေနိုင်သည်။