ပုဒ်မ ၁၉၇
ပုဒ်မ ၁၉၇
တရားသူကြီးများနှင့် ပြည်သူ့ဝန်ထမ်းများကို တရားစွဲဆိုခြင်း

(၁) ရာဇသတ်ကြီးပုဒ်မ ၁၉ ၏ အဓိပ္ပာယ်အရ တရားသူကြီးဖြစ်သူ တစ်ဦးဦး သို့မဟုတ် ရာဇဝတ် တရားသူကြီး တစ်ဦးဦး သို့မဟုတ် နိုင်ငံတော်သမ္မတ သို့မဟုတ် အခြား အဆင့်မြင့်သော အာဏာပိုင်၏ အခွင့်အမိန့် မရရှိဘဲ ရာထူးမှ ထုတ်ပယ်ခြင်း မပြုနိုင်သော ပြည်သူ့ဝန်ထမ်း တစ်ဦးဦးသည် မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ် ပြုလုပ် သော သို့မဟုတ် ပြုလုပ်သည်ဟု သဘောသက်ရောက်သော ပြစ်မှု တစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့်အမိန့် မရရှိဘဲ အဆိုပါ ပြစ်မှုကို မည်သည့် တရားရုံး အရေးမယူရ။

တရားစွဲဆိုခြင်းနှင့် စပ်လျဉ်း၍ သမ္မတ၏ အာဏာ

(၂)အဆိုပါ တရားသူကြီး၊ ရာဇဝတ်တရားသူကြီး သို့မဟုတ် ပြည်သူ့ဝန်ထမ်းကို မည်သူက မည်သည့်နည်းဖြင့် မည်သည့်ပြစ်မှု သို့မဟုတ် ပြစ်မှုများအတွက် တရားစွဲဆိုရမည် ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတက ဆုံးဖြတ်နိုင်သည်။ ၎င်းအပြင် မည်သည့်တရားရုံး တွင် ကြားနာစစ်ဆေး ရမည်ဖြစ်ကြောင်း သီးခြားဖော်ပြနိုင်သည်။