(၁) အများပြည်သူတို့သုံးစွဲသည့် လမ်း၊ မြစ်၊ ချောင်း၊ တူးမြောင်း သို့မဟုတ် နေရာများတွင် အများ ပြည်သူတို့အား ပိတ်ပင်နှောင့်ယှက်ဖြစ်စေသည့် သို့မဟုတ် စိုးရိမ်ရန်ရှိသည့် ကိစ္စများကို ကာကွယ်ရန် ပုဒ်မ ၁၃၃ အရ အမိန့်ချမှတ်ခဲ့ရာ အမိန့်ချမှတ်ခြင်းခံရသူမှာ ၎င်းရှေ့သို့ ရောက်ရှိလာသောအခါ တရားသူကြီးက အဆိုပါ လမ်း၊ မြစ်၊ ချောင်း၊ တူးမြောင်း သို့မဟုတ် နေရာနှင့် စပ်လျဉ်း၍ အများပြည်သူ အခွင့်အရေးရှိခြင်းကို ငြင်းဆိုမည်၊ မငြင်းဆို မည်ကို ထိုသူအား မေးမြန်းရမည်။ ထိုသူက ငြင်းဆိုလျှင် ပုဒ်မ ၁၃၇ အရ ဆောင်ရွက်ခြင်း မပြုမီ တရားသူကြီးသည် ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရမည်။
(၂) ထိုစုံစမ်းစစ်ဆေးမှုတွင် တရားသူကြီးသည် အဆိုပါ ငြင်းဆိုချက်နှင့်စပ်လျဉ်း၍ ထောက်ခံသည့် ယုံကြည်လောက်သော သက်သေခံချက်ရှိကြောင်း တွေ့ရှိလျှင် အခွင့်အာဏာရ တရားမရုံးက ထိုအခွင့်အရေးတည်ရှိကြောင်း ဆုံးဖြတ်သည်အထိ ထိုကိစ္စကို ဆိုင်းငံ့ထားရမည်။ ထို သက်သေခံချက်မျိုး မရှိကြောင်း ၎င်းက တွေ့ရှိ သောအခါ ပုဒ်မ ၁၃၇ တွင် ပြဋ္ဌာန်းထားသည့် အတိုင်း အမှုတွင်လိုအပ်သလို ဆောင်ရွက်ရမည်။
(၃) လူတစ်ဦးတစ်ယောက်ကို တရားသူကြီးက ပုဒ်မခွဲ (၁)အရ မေးမြန်းရာ ထို မေးမြန်းချက် ထဲတွင် ရည်ညွှန်းသည့် အများပြည်သူအခွင့်အရေးတည်ရှိကြောင်း ငြင်းဆိုရန် ပျက်ကွက်လျှင် သို့မဟုတ် ငြင်းဆိုရန်ပျက်ကွက်သူက ထောက်ခံယုံကြည်လောက်သည့် သက်သေခံချက် တင်ပြရန် ပျက်ကွက်လျှင် နောင်ဆောင်ရွက်မှုများတွင် ထိုသို့ ငြင်းဆို ခြင်းကို ခွင့်မပြုရ။