(၁) သတ်မှတ်ထားသည့် အမှုများနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သတ်မှတ်ထားသည့် အမှုတစ်မျိုးနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သတ်မှတ်ထားသည့်အမှုမျိုးများ သို့မဟုတ် အမှုအရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ၊ မည်သည့်နယ်မြေ အတွင်းတွင်မဆို ဤဥပဒေအရ ပထမတန်း၊ ဒုတိယတန်း သို့မဟုတ် တတိယတန်း အာဏာရတရားသူကြီးတို့ကို အပ်နှင်းသည့် သို့မဟုတ် အပ်နှင်းနိုင်သည့် အာဏာ အားလုံးကိုဖြစ်စေ၊ အာဏာတစ်ခုခုကိုဖြစ်စေ မည်သူ့ကိုမဆို နိုင်ငံတော် သမ္မတက အပ်နှင်းနိုင် သည်။
(၂) ယင်း တရားသူကြီးတို့ကို အထူးရာဇဝတ်တရားသူကြီးများဟု ခေါ်တွင်စေရမည့်အပြင် ၎င်းတို့ကိုလည်း နိုင်ငံတော်သမ္မတက ယေဘုယျအမိန့်ဖြင့်ဖြစ်စေ၊ အထူးအမိန့်ဖြင့်ဖြစ်စေ ညွှန်ကြားသည့် ကာလ အပိုင်းအခြားအတွက် ခန့်ထားရမည်။
(၃) နိုင်ငံတော်သမ္မတက ပုဒ်မခွဲ (၁) အရ အပ်နှင်းသည့်အာဏာများကို မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီးကိုမဆို မိမိသင့်သည် ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ လွှဲအပ်နိုင်သည်။
(၄) မည်သည့်အာဏာများကိုမျှ ရဲအုပ်ကြီးအဆင့်အောက်နိမ့်သည့် ရဲအရာရှိတစ်ဦးအား ဤပုဒ် အပ်နှင်းခြင်းမပြုစေရ။ ထို့ပြင် မြို့ရွာအေးချမ်းရေး၊ ရာဇဝတ်မှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ပြစ်မှုကျူးလွန်သူတို့ကို ရာဇဝတ်တရားသူကြီးထံ တင်ပို့ရန်အတွက် ချုပ်ထားရေးနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ယင်းတာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ကိစ္စများမှအပ မည်သည့်အာဏာကိုမျှ ရဲအရာရှိတစ်ဦးတစ်ယောက်အား အပ်နှင်းခြင်းမရှိစေရ။