ပုဒ်မ ၂၇၉-က
ပုဒ်မ ၂၇၉-က
သွားလာနေသော ယာဉ်ကိုဘေးဖြစ်စေသော အရာဝတ္ထုဖြင့်ပစ်ခတ်ခြင်း

မည်သူမဆို ယာဉ်တစ်စီးစီးတွင် စီးနင်းသွားလာသူတစ်ဦး၏ လုံခြုံမှုကို ဘေးဖြစ်စေတန်ရာသော အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း အများ ပြည်သူဆိုင်ရာနေရာ၌ ယာဉ်တစ်စီးစီးကို သစ်သားဖြင့်ဖြစ်စေ၊ ခဲဖြင့်ဖြစ်စေ၊ အက်ဆစ်ဖြင့်ဖြစ်စေ၊ အခြား အရာဝတ္ထုဖြင့် ဖြစ်စေ ပစ်ခတ်လျှင် သို့မဟုတ် ရိုက်ပုတ်လျှင် သို့မဟုတ် ထိုယာဉ်တစ်စီးစီးပေါ်၌ ထိုအရာတစ်ခုခုကို ကျစေလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ရှင်းလင်းချက် ၁။ ဤပုဒ်မ၏ ကိစ္စအလို့ငှာ “ယာဉ်” ဆိုသည်မှာ လမ်းပေါ်၌ သယ်ယူပို့ဆောင်ရန် အသုံးပြုနိုင်သော ဘီးတပ်ယာဉ်ကို ဆိုလိုသည်။

ရှင်းလင်းချက် ၂။ သင်္ကြန်ပွဲတော်အတွင်း အများပြည်သူဆိုင်ရာနေရာ၌ ယာဉ်တစ်စီးစီးကို ရေပက်ခြင်းသည် ဤပုဒ်မအရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုမဟုတ်။

ရှင်းလင်းချက် ၃။ ဤပုဒ်မပါ စကားရပ်ကြောင့် သူတစ်ဦးဦးကို ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ခုခုအတွက် ဤရာဇသတ်ကြီးပါ အခြားပုဒ်မတစ်ခုခုအရဖြစ်စေ၊ အခြားဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ တရားမစွဲဆိုနိုင်ဟု မမှတ်ယူရ။