ပြုလုပ်မှုတစ်ခုခုကိုပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ (* * *) ထိုကဲ့သို့သော ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့် ပတ်ဝန်းကျင် အကြောင်းခြင်းရာဖြင့်လည်းကောင်း မည်သူမဆို ပြုလုပ်မှု တစ်ခုခုကို ပြုလျှင် ထိုသူကို ဆယ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။ ထို့ပြင် ထိုပြုလုပ်မှုဖြင့် သူတစ်ဦးဦးအား နာကျင်စေလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စေ၊ အထက်က ဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။
တစ်သက်တစ်ကျွန်းဒဏ် ကျခံနေရသူတို့က အားထုတ်ခြင်းများ။
ထောင်ဒဏ်နှစ် နှစ်ဆယ်ကျခံနေရစဉ် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူသည် သူတစ်ပါးကို နာကျင်စေလျှင် ထိုသူကို သေဒဏ်ချမှတ်နိုင်သည်။
ဥပမာများ
(က) Z ကိုသတ်ရန် ကြံရွယ်ချက်နှင့် A က Z ကို သေနတ်နှင့်ပစ်၏။ Z သေခဲ့သော် A လူသတ်မှု မြောက်နိုင်မည့် ပတ်ဝန်းကျင်အကြောင်းခြင်းရာဖြင့် ပစ်ခြင်းဖြစ်လျှင် A သည် ဤအမှု၌ ဤပုဒ်မအရ ပြစ်ဒဏ်ချမှတ်ခြင်းခံထိုက်သည်။
(ခ) A သည် သေစေရန်ကြံရွယ်ချက်နှင့် လူသူမရှိသောအရပ်တွင် အသက်အရွယ် နုနယ်သော ကလေးကို စွန့်ပစ်ထား၏။ ကလေးမသေစေကာမူ A သည် ဤပုဒ်မတွင် ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်သည် မည်၏။
(ဂ) Z ကိုသတ်ရန် ကြံရွယ်ချက်နှင့် A သည် သေနတ်တစ်လက်ကိုဝယ်၍ ကျည်ထိုး၏။ ထိုသို့သေနတ်ကို ကျည်ထိုးရုံမျှနှင့် A သည် ပြစ်မှုကို မကျူးလွန်သေး၊ A သည် Z ကို သေနတ်နှင့် ပစ်မှသာလျှင် ဤပုဒ်မတွင် ဖော်ပြထားသည့်ပြစ်မှုကို ကျူးလွန်သည်မည်၏။ ထိုသို့ သေနတ်နှင့် ပစ်၍ Z ကို ထိခိုက်နာကျင်စေလျှင်၊ A သည် ဤပုဒ်မ ပထမစာပိုဒ် အောက်ပိုင်းတွင် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။
(ဃ) Z ကိုအဆိပ်ခတ်၍ သတ်ရန်ကြံရွယ်ချက်နှင့် A သည် အဆိပ်ကိုဝယ်၍ အစာနှင့် ရောနှောပြီးလျှင် မိမိလက်တွင်ထား၏။ ထိုသို့ပြုရုံမျှနှင့် A သည် ဤပုဒ်မတွင် ပါသည့် ပြစ်မှုကို မကျူးလွန်သေး။ ထိုအစာကို Z ၏ ထမင်းစားပွဲပေါ်တွင် တင်ထားမှသာလျှင် သို့မဟုတ် Z ၏ ထမင်း စားပွဲပေါ်တွင် တင်ထားရန် Z ၏ အစေခံများကို ပေးအပ်မှသာလျှင် A သည် ဤပုဒ်မတွင် ဖော်ပြ ထားသည့်ပြစ်မှုကို ကျူးလွန်သည်မည်၏။