ပုဒ်မ ၈၁
ပုဒ်မ ၈၁
ရာဇဝတ်မကင်းသော အကြံမရှိဘဲ အခြားသော ဘေးအန္တရာယ်ကို တားဆီးလိုသဖြင့် ဘေးအန္တရာယ်၊ ဖြစ်စေတန်ရာသော ပြုလုပ်မှု

ဘေးအန္တရာယ်ဖြစ်စေတန်ရာသည်ဟု သိလျက်နှင့်ပြုစေကာမူ လူကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ကျရောက်မည့် အခြားသောအန္တရာယ်ကို တားဆီးရန်အလို့ငှာ သို့မဟုတ် လွှဲဖယ်ရန်အလို့ငှာ ရာဇဝတ် မကင်းသောအကြံမရှိဘဲ သဘောရိုးဖြင့် ပြုခြင်းသည် ပြစ်မှုမမြောက်။


ရှင်းလင်းချက်။ ဘေးအန္တရာယ်ဖြစ်စေတန်ရာသည်ဟု သိလျက်နှင့်ပြုရာတွင် ထိုသို့ ပြုခြင်းဖြင့် တားဆီးရမည့် သို့မဟုတ် လွှဲဖယ်ရမည့် အခြားဘေးအန္တရာယ်သည် ထိုပြုလုပ်မှုကို ပြုပိုင်လောက်အောင် ဖြစ်သော သို့မဟုတ် ခွင့်လွှတ်လောက်အောင်ဖြစ်သော ဘေးအန္တရာယ်မျိုး ဟုတ်မဟုတ် ဆိုက်ရောက်မည့် ဆဲဆဲဖြစ်သော ဘေးအန္တရာယ်မျိုးလည်း ဟုတ်မဟုတ်ဆိုသည်မှာ အကြောင်းခြင်းရာ ပြဿနာဖြစ်သည်။

ဥပမာများ

(က) မီးသင်္ဘောရေယာဉ်မှူးကြီး A သည် မိမိ၌ ပြစ်တင်ဖွယ်ရာလည်းမရှိ၊ မိမိ ပေါ့လျော့၍လည်းမဟုတ်၊ ရုတ်တရက်အားဖြင့် သင်္ဘောကိုမရပ်နိုင်မီ လမ်းမလွှဲဘဲနေခဲ့လျှင် ခရီးသည်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ပါလှေတစ်စင်း “B”ကိုမလွှဲမသွေ တိုက်မိမည်ဖြစ်၏။ လမ်းလွှဲပြန်လျှင်လည်း ခရီးသည် နှစ်ယောက်ပါ လှေတစ်စင်း “C” ကို တိုက်မိဖွယ်ရာရှိ၏။ လှေ “C” ကို တိုက်ရန် အကြံမရှိဘဲ၊ လှေ “B” ပေါ်ရှိခရီးသည်များ ဘေးဖြစ်မည့်အရာကို လွှဲဖယ်ရန်အလို့ငှာ သဘောရိုးနှင့် သင်္ဘောလမ်းလွှဲလိုက်ရာ လှေ “C” ကို တိုက်မိ၏။ A ပြုလုပ်သည့် ဘေးအန္တရာယ်သည် အခြားဘေးအန္တရာယ်တစ်ရပ်ကို လွှဲဖယ်ရာတွင် ပြုလုပ်ပိုင်လောက်ကြောင်း ထင်ရှားလျှင် တိုက်မိရန် လက္ခဏာရှိကြောင်းသိလျက်နှင့် A ပြုလုပ်သော်လည်း ပြစ်မှုကျူးလွန်ရာ မရောက်။


(ခ) မီးအကြီးအကျယ်လောင်ရာတွင် A က လူ့အသက်အန္တရာယ် သို့မဟုတ် ပစ္စည်းအန္တရာယ်ဖြစ်မည်ကို တားဆီးရန်အကြံဖြင့် မီးမကူးစက်စေရအောင် သဘောရိုးဖြင့် အိမ်များကို ဆွဲချဖျက်ဆီး၏။ ဤတွင် A တားဆီးမည့် ဘေးအန္တရာယ်သည် အပြစ်ကင်းစေထိုက်သည့် ဘေးအန္တရာယ်မျိုးသော်လည်းကောင်း၊ အပြစ်ကင်းစေလောက်အောင် ဆိုက်ရောက်မည့်ဆဲဆဲ ဘေးအန္တရာယ်သော်လည်းကောင်းဖြစ်ကြောင်း တွေ့ရှိရလျှင် A သည် ပြစ်မှုကျူးလွန်ရာမရောက်။



ကျင့်ထုံး