ပုဒ်မ ၄၂၈
ပုဒ်မ ၄၂၈
အယူခံတရားရုံးက နောက်ထပ်သက်သေထွက်ချက်များကို ရယူနိုင်ခြင်း၊ သို့မဟုတ် ရယူစေရန် ညွှန်ကြားနိုင်ခြင်း

(၁) ဤအခန်းအရ အယူခံမှုတစ်မှုကို ကြားနာသည့်အခါ အယူခံတရားရုံးက နောက်ထပ်သက်သေခံချက် လိုအပ်ကြောင်းထင်မြင်လျှင် မိမိ၏အကြောင်းပြချက်များကို ရေးမှတ်ရမည်။ ထို့ပြင် အဆိုပါသက်သေခံချက်များကို ကိုယ်တိုင်ရယူနိုင်သည်၊ သို့မဟုတ် ရာဇဝတ် တရားသူကြီးတစ်ဦးကရယူစေရန် ညွှန်ကြားနိုင်သည်၊ သို့မဟုတ် အယူခံတရားရုံးသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်အခါ စက်ရှင်တရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးတစ်ဦးက ရယူစေရန် ညွှန်ကြားနိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပ‌ဒေအမှတ် ၁၆/၂၀၁၆)

(၂) နောက်ထပ်သက်သေခံချက်ကို စက်ရှင်တရားရုံး၊ သို့မဟုတ် ရာဇဝတ် တရားသူကြီးကရယူသည့်အခါ ထိုတရားရုံး၊ သို့မဟုတ် ထိုတရားသူကြီးသည် အဆိုပါသက်သေ ခံချက်များကို သက်သေခံလက်မှတ်ရေးထိုးလျှက် အယူခံတရားရုံးသို့ ပေးပို့ရမည်။ ထို့ပြင် အဆိုပါအယူခံတရားရုံးသည် အယူခံမှုကို ဆက်လက်စီရင်ဆုံးဖြတ်ရမည်။

(၃) အယူခံတရားရုံးက အခြားနည်းမညွှန်ကြားလျှင် နောက်ထပ်သက်သေခံ ချက်ရယူသည့်အခါ တရားခံ၊ သို့မဟုတ် ၎င်း၏ရှေ့နေတို့ ရောက်ရှိနေစေရမည်။ သို့သော်လည်း အဆိုပါသက်သေခံချက်များကို ဂျူရီလူကြီးများ၏ရှေ့မှောက်၌ မယူစေရ။

(၄) ဤပုဒ်မအရ သက်သေခံချက်ရယူခြင်းတို့မှာ စုံစမ်းစစ်ဆေးမှုပြုလုပ်သကဲ့သို့ အခန်း ၂၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်စေရမည်။