(၁) အာမခံဖြင့် လွှတ်ထားသူတစ်ဦး၏ တက်ရောက်ခြင်းနှင့် ရောက်ရှိခြင်းအတွက် အာမခံသူ အားလုံးက၊ သို့မဟုတ် တစ်ဦးတစ်ယောက်က ခံဝန်ချုပ်တစ်ခုလုံးကိုဖြစ်စေ၊ လျှောက်ထားသူများနှင့် သက်ဆိုင်သမျှကိုဖြစ်စေ ဖျက်သိမ်းပေးရန် ရာဇဝတ်တရားသူကြီး တစ်ဦးထံတွင် အချိန်မရွေး လျှောက်ထားနိုင်သည်။
(၂) အဆိုပါ လျှောက်ထားခြင်း ပြုလုပ်သောအခါ ထိုကဲ့သို့ လွှတ်ပေးထားသူကို မိမိရှေ့သို့ ခေါ်ယူလာစေရန် ညွှန်ကြားသည့် လူဖမ်းဝရမ်းကို ရာဇဝတ်တရားသူကြီးက ထုတ်ပေးရမည်။
(၃) ဝရမ်းအရ ထိုသူရောက်ရှိလာသောအခါ၊ သို့မဟုတ် ၎င်းကိုယ်တိုင်က မိမိအလိုအလျောက် လာရောက် အဖမ်းခံသည့်အခါ ခံဝန်ချုပ်တစ်ခုလုံးကိုဖြစ်စေ၊ လျှောက်ထား သူများနှင့် သက်ဆိုင်သမျှကိုဖြစ်စေ ဖျက်သိမ်းရန် ရာဇဝတ်တရားသူကြီးက ညွှန်ကြားရမည်။ ထိုသူကို လုံလောက်သော အခြားအာမခံသူများရှာပေးရန် ရာဇဝတ်တရားသူကြီးက တောင်းဆိုရမည်။ ထိုသူက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ရာဇဝတ်တရားသူကြီးသည် ထိုသူကို အချုပ်သို့ ပို့နိုင်သည်။