(က) မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ပုဒ်မ ၄၈ ပုဒ်မခွဲ(ဃ)နှင့်အညီ ပေးပို့လာသည့် စာရင်းများနှင့် မိမိလက်ဝယ်ရှိ ကြိုတင်ဆန္ဒမဲစာရင်းဇယားများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်းဇယားများကို သတ်မှတ်ထားသည့်အတိုင်း ပြုစု၍ ကပ်ထားကြေညာရမည်။ ယင်းဆန္ဒမဲ စာရင်းဇယားတစ်စောင်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ အမြန်တင်ပြရမည်။ ဆန္ဒမဲစာရင်းဇယားတစ်စောင်ကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကော်မရှင် အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသည် -
(၁) ပုဒ်မ ၄ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဂ)တို့အရ သတ်မှတ်ထားသော မဲဆန္ဒနယ်များအတွက် ပုဒ်မခွဲ(က)နှင့်အညီ ပေးပို့သည့် စာရင်းများနှင့် မိမိလက်ဝယ်ရှိကြိုတင်ဆန္ဒမဲစာရင်းဇယားများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲအရေအတွက်ကို သတ်မှတ်ထားသည့်အတိုင်း ပြုစု၍ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးအတွက် ခိုင်လုံသော ဆန္ဒမဲအများဆုံးရရှိသူများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ကြောင်း ကြေညာရမည်။
(၂) ပုဒ်မ ၄ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ထားသော မဲဆန္ဒနယ်များအတွက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ခိုင်လုံမဲများကို ယင်းတို့ကိုယ်စားပြုသည့် နိုင်ငံရေး ပါတီကရရှိသော ဆန္ဒမဲများအဖြစ် သတ်မှတ်ရမည်။ ယင်းခိုင်လုံမဲများကို မဲဆန္ဒနယ်အလိုက်စုစည်း၍ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပြုစုပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်များ၏အမည်ကို ကြေညာရမည်။
(ဂ) ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဂ) တို့အရ သတ်မှတ်ထားသော မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ယှဉ်ပြိုင်သောရွေးကောက်ပွဲ၌ အများဆုံးရရှိသည့် ခိုင်လုံသော ဆန္ဒမဲအရေအတွက် တူညီနေပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်နှင့်အတူ ကော်မရှင်သို့ တင်ပြရမည်။ ရွေးကောက်ပွဲထပ်မံကျင်းပပေးရန် ကော်မရှင်က ညွှန်ကြားလျှင် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဤဥပဒေနှင့်အညီ ရွေးကောက်ပွဲကို ထပ်မံကျင်းပပေးရမည်။ ယင်းသို့ ထပ်မံကျင်းပသော ရွေးကောက်ပွဲ၌ ထိုဆန္ဒမဲတူညီနေသူများသာလျှင် ယှဉ်ပြိုင်ရွေးကောက်ခံပိုင်ခွင့်ရှိသည်