ဆိုခဲ့သည့်ပဋိညာဉ်စာချုပ်၊ ဂရန်ချထားပေးအပ်မှု၊စာချုပ် သို့မဟုတ် ပစ္စည်းကိုအခြားနည်းစီမံမှု စာချုပ် တစ်ခုခုတွင်ပါရှိသောစည်းကမ်းချက်များကိုဖြစ်စေ၊ ဥပဒေအရ စာချုပ်စာတမ်းအဖြစ်ရေးသား ထားရှိရန် လိုအပ်သောအကြောင်းအရာတစ်ခုခုနှင့် သက်ဆိုင်သည့် စာချုပ်တွင်ပါရှိသောစည်းကမ်းချက် များကိုဖြစ်စေ၊ နောက်ဆုံးဖော်ပြခဲ့သည့်ပုဒ်မနှင့်အညီသက်သေထင်ရှားတင်ပြပြီးသည့်အခါ အဆိုပါ စာချုပ်ရှိ စည်းကမ်းချက်များကိုငြင်းဆိုရန်၊ ပြောင်းလဲရန်၊ ဖြည့်စွက်ရန် သို့မဟုတ် ယင်းစည်း ကမ်းချက်များ နုတ်ပယ်ရန်အလို့ငှာ၊ ထိုစာချုပ် ချုပ်ဆိုသူတို့အချင်းချင်းဖြစ်စေ၊ ယင်းတို့၏အကျိုးဆက်ခံခွင့်ရှိသည့် ကိုယ်စားလှယ်တို့အချင်းချင်းဖြစ်စေ၊ နှုတ်ဖြင့်သဘောတူညီချက်သော်လည်းကောင်း၊ ဖော်ပြချက်သော် လည်းကောင်းရှိကြောင်း တင်ပြသောသက်သေခံချက်ကိုလက်မခံရ။
ခြွင်းချက်(၁) ။ စာချုပ်စာတမ်း တစ်ခုကို ပျက်ပြယ်စေမည့် လိမ်လည် လှည့်ဖြားခြင်း၊ ခြောက်လှန့်ခြင်း၊တရားဥပဒေနှင့်မညီခြင်း၊ နည်းလမ်းတကျ ချုပ်ဆိုမှုမရှိခြင်း၊ စာချုပ်ချုပ်ဆိုသူတစ်ဖက်ဖက်၌ ထိုသို့ ချုပ်ဆိုရန်အရည်အချင်း မပြည့်ခြင်း၊ အဖိုးစားနားမရှိခြင်း သို့မဟုတ် အဖိုးစားနားပါရှိရန်ပျက် ကွက်ခြင်း သို့မဟုတ် အကြောင်းခြင်းရာ၌ဖြစ်စေ၊ ဥပဒေ၌ဖြစ်စေ မှားယွင်း၍ဆောင်ရွက်ခြင်း ကဲ့သို့သော အကြောင်းခြင်းရာများအဆိုပါ စာချုပ်စာတမ်းနှင့်စပ်လျဉ်း၍ လူတစ်ဦးတစ်ယောက်အားဒီကရီ သို့မဟုတ် အမိန့်တစ်စုံတစ်ရာ ရနိုင်ခွင့်ရှိစေမည့် အကြောင်းခြင်းရာကို သက်သေထင်ရှားတင်ပြနိုင် သည်။
ခြွင်းချက်(၂) ။ စာချုပ်စာတမ်းတစ်ခုတွင် ဖော်ပြထားခြင်းမရှိသော အကြောင်းအရာတစ်ခုသည် ထိုစာ ချုပ်စာတမ်းပါ စည်းကမ်းချက်များနှင့် ဆန့်ကျင်ခြင်းမရှိလျှင် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ နှုတ်ဖြင့် သဘောတူညီချက်တစ်ရပ်သီးခြားရှိနေကြောင်း သက်သေထင်ရှားတင်ပြနိုင်သည်။ စာချုပ်စာတမ်း တစ်ခုသည် ဤခြွင်းချက်နှင့် သက်ဆိုင်ခြင်း ရှိမရှိ စဉ်းစားဆင်ခြင်ရာ၌ထိုစာချုပ်စာတမ်းကိုမည်မျှအထိ နည်းလမ်းတကျချုပ်ဆိုထားသည်ကို တရားရုံးက ဂရုပြုရမည်။
ခြွင်းချက်(၃) ။ ဆိုခဲ့သည့် ပဋိညာဉ်စာချုပ်၊ဂရန်ချထားပေးအပ်မှု စာချုပ် သို့မဟုတ်ပစ္စည်းကို အခြားနည်းစီမံမှုစာချုပ်အရ တာဝန်တစ်ရပ်ရပ်သတ်မှတ်ထားရာ၌ ကြိုတင်လိုက်နာရမည့် စည်းကမ်း ချက်ဖြစ်သည့် နှုတ်ပဋိညာဉ်တစ်ခုသီးခြားရှိနေလျှင် ထိုသို့ရှိနေကြောင်းသက်သေထင်ရှားတင်ပြနိုင် သည်။
ခြွင်းချက်(၄)။ အဆိုပါ ပဋိညာဉ်ကိုဖြစ်စေ၊ဂရန်ချထားပေးအပ်မှုကိုဖြစ်စေ၊ ပစ္စည်းကို အခြားနည်းစီမံ မှုကိုဖြစ်စေ ဥပဒေအရ စာဖြင့်ရေးသားထားရန်လိုအပ်သော ကိစ္စများ သို့မဟုတ်စာချုပ်စာတမ်း မှတ်ပုံ တင်ခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဖြစ်သောဥပဒေအရဆိုခဲ့သည့်စာချုပ်ကို မှတ်ပုံတင်ထားပြီးဖြစ်သော ကိစ္စများမှတစ်ပါး၊ အဆိုပါ စာချုပ်စာတမ်းတစ်ခုခုကို ဖျက်သိမ်းရန်သော်လည်းကောင်း၊ ပြောင်းလဲပြင် ဆင်ရန်သော်လည်းကောင်း နှုတ်ဖြင့်သီးခြားသဘောတူညီချက်တစ်ရပ် နောက်ထပ်ပြုလုပ်ခဲ့ကြောင်း သက်သေထင်ရှားတင်ပြနိုင်သည်။
ခြွင်းချက်(၅) ။ ပဋိညာဉ်စာချုပ် တစ်ခုခုတွင် အတိအလင်းဖော်ပြထားခြင်း မရှိသော အကြောင်းအရာ များကို အလေ့အထ သို့မဟုတ် ဓလေ့ထုံးတမ်း တစ်ရပ်ရပ်အရ ထိုပဋိညာဉ်စာချုပ်မျိုးတွင် တစ်ပေါင်း တည်းပါရှိသည့် အလေ့အထ သို့မဟုတ် ဓလေ့ထုံးတမ်းရှိကြောင်း သက်သေထင်ရှားတင်ပြနိုင်သည်။
သို့ရာတွင် အဆိုပါဖြစ်ရပ်ကိုထိုသို့ပူးတွဲပါရှိသည့် ပဋိညာဉ်စာချုပ်တွင်အတိအလင်းဖော်ပြထားသော စည်းကမ်းချက်များနှင့် ဆန့်ကျင်ခြင်း သို့မဟုတ် မညီမညွတ်မရှိစေရ။
ခြွင်းချက်(၆) ။ စာချုပ်စာတမ်းပါ အရေးအသားသည် တည်ရှိနေသော အကြောင်းခြင်းရာများနှင့် မည်သို့ဆက်စပ်လျက်ရှိသည်ကို တစ်စုံတစ်ရာသော အကြောင်းခြင်းရာက ဖော်ပြနေလျှင် ထိုအကြောင်းခြင်းရာ ကို သက်သေထင်ရှားတင်ပြနိုင်သည်။
ဥပမာများ
(က) “ရန်ကုန်မြို့မှ လန်ဒန်မြို့သို့သွားသော သင်္ဘောများတွင်” တင်ထားသော ကုန်စည်များအတွက်အာမခံစာချုပ်ချုပ်ဆိုသည်။ ယင်းကုန်စည်များကိုသင်္ဘောတစ်စင်းတွင် တင်ပို့ရာ ယင်းသင်္ဘောပျောက် ဆုံးသွားသည်။ ပျောက်ဆုံးသွားသော သင်္ဘောမှာ အာမခံစာချုပ်ချုပ်ဆိုရာတွင် မပါဝင်စေရန် နှုတ်ဖြင့် သဘောတူညီချက်ရှိသည်ဟူသောအချက်ကိုသက်သေထင်ရှား တင်ပြခြင်းမပြုနိုင်။
(ခ) A က B သို့ ငွေ ကျပ် ၁၀၀၀ကို ၁၉၄၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင်ပေးရန် စာဖြင့်ရေးသားလျက်ခြွင်းချက်မရှိ သဘောတူခဲ့သည်။ တစ်ချိန်တည်း၌ပင် ထိုငွေကို မတ်လ ၃၁ ရက်နေ့ မတိုင်မီ ပေးဆပ်ခြင်းမပြုရန် နှုတ်ဖြင့် သဘောတူညီသည်ဟူသောအချက်ကို သက်သေထင်ရှား တင်ပြခြင်းမပြုနိုင်။
(ဂ) “ကလောလက်ဖက်ခြံ” ဟုခေါ်တွင်သော ခြံမြေကို အရောင်းစာချုပ်တွင် မြေပုံကိုပါပူးတွဲ၍ရောင်း ချသည်။ မြေပုံတွင်မပါရှိသော မြေတစ်ကွက်မှာ ထိုခြံမြေ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အစဉ်သဖြင့် ယူဆထားသည်။ ထိုစာချုပ်အရရောင်းချရာတွင် ထိုမြေကွက်လည်းပါဝင်ကြောင်း ဆိုလိုသည့် အချက်ကို သက်သေထင်ရှားတင်ပြခြင်း မပြုနိုင်။
(ဃ) A က B ပိုင်ဆိုင်သော သတ္တုတွင်းများကို သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် လုပ်ကိုင်ရန် နှင့် ပဋိညာဉ်စာချုပ် ချုပ်ဆိုသည်။ B က သတ္တုတွင်းများ၏တန်ဖိုးနှင့်စပ်လျဉ်း၍ အလွဲတင်ပြပြောဆိုသွေးဆောင်သောကြောင့် A သည် ထိုသို့စာချုပ် ချုပ်ဆိုမိသည်။ ဤအချက်ကို သက်သေထင်ရှား တင်ပြနိုင်သည်။
(င) A က B ကိုပဋိညာဉ်စာချုပ်တွင် ပါရှိသည့်အတိုင်းဆောင်ရွက်စေရန်တရားမမှု စွဲဆိုပြီး ယင်းစာချုပ် တွင် စည်းကမ်းချက် တစ်ခုကိုမှားယွင်းထည့်သွင်းထားခြင်းကြောင့် ထိုစာချုပ်ကိုပြင်ဆင်ပေးရန် လျှောက်ထားသည်။ A က မိမိထိုသို့မှားယွင်းထည့်သွင်းခဲ့သော်လည်း ထိုမှားယွင်းချက်မှာဥပဒေအရ ထိုပဋိညာဉ်စာချုပ်ကို မိမိပြင်ဆင်နိုင်ခွင့်ရှိသော မှားယွင်းချက်မျိုးဖြစ်ကြောင်း သက်သေထင်ရှားတင်ပြ နိုင်သည်။
(စ) A က B ထံမှကုန်ပစ္စည်းများကို စာရေးသား၍ မှာယူရာ ကုန်ပစ္စည်းများကိုလက်ခံရရှိခဲ့သည်။ စာတွင် ပစ္စည်းတန်ဖိုးငွေကို မည်သည့်အချိန်တွင်ပေးချေရမည်ဟု မပါရှိချေ။ ကုန်ပစ္စည်းတန်ဖိုးငွေ ရလို ကြောင်းဖြင့် B က A ကိုတရားစွဲဆိုသည်။ ကုန်ပစ္စည်းများကိုအကြွေးဝယ်ယူခြင်းဖြစ်၍ ငွေပေးချေရန် အချိန်မစေ့ရောက်သေးကြောင်းကို A ကသက်သေခံတင်ပြနိုင်သည်။
(ဆ) A က B အားမြင်းတစ်ကောင်ရောင်း၍ ထိုမြင်းမှာ အနာအဆာကင်းကြောင်းနှုတ်ဖြင့် အာမခံသည်။ A က B သို့ “မြင်းတစ်ကောင်း A ထံမှ ငွေ ကျပ် ၅၀၀ နှင့်ဝယ်သည်”ဟု စာရေး၍ ပေးသည်။ Aကနှုတ် ဖြင့် အာမခံပေးကြောင်းထင်ရှားအောင် B ကသက်သေထင်ရှားတင်ပြနိုင်သည်။
(ဇ) A က B ထံမှ အိမ်ခန်းများငှားရမ်းရာ “အခန်းများတစ်လလျှင် ငွေ ကျပ်၂၀၀” ဟု ရေးထားသောလက် မှတ်ကတ်ပြားတစ်ခုကို ထုတ်ပေးသည်။ ဤစည်းကမ်းချက်များတွင် အစား အသောက် တစ်စိတ်တစ်ဒေသ လည်းပါဝင်ကြောင်း နှုတ်ဖြင့်သဘောတူညီချက်ရှိကြောင်း A က သက်သေထင်ရှား တင်ပြနိုင်သည်။
A က B ထံမှ အိမ်ခန်းများကို တစ်နှစ်အတွက်ငှားရမ်းရာ ရှေ့နေတစ်ဦးက ရေးဆွဲ၍ စည်းကမ်းတကျ စာချုပ်တစ်စောင်ကိုချုပ်ဆိုထားကြသည်။ ထိုစာချုပ်တွင် အစားအသောက်နှင့် ပတ်သက်သည့် အကြောင်းမပါရှိချေ။ စည်းကမ်းချက်တွင်အစားအသောက်ပါရှိသည်ဟု နှုတ်ဖြင့်သဘောတူကြောင်း A ကသက်သေထင်ရှားတင်ပြခြင်းမပြုနိုင်။
(ဈ) A က B ထံသို့ပြေစာတစ်စောင်ပေးပို့၍ B ထံမှ ရရန်ရှိသော ကြွေးမြီကိုတောင်းခံရာ B ကပြေစာကို သိမ်းထားသော်လည်းကြွေးကိုမပေးဆပ်ဘဲနေသည်။ ထိုငွေကိုရလိုကြောင်းစွဲဆိုသည့် တရားမမှုတွင် A က ထိုအကြောင်းကိုသက်သေထင်ရှားတင်ပြနိုင်သည်။
(ည) တစ်စုံတစ်ခုသော အကြောင်းအရာဖြစ်ပွားလျှင် ပဋိညာဉ်စာချုပ် အတည်ဖြစ်ရမည်ဟု A နှင့် B တို့သည် ပဋိညာဉ်စာချုပ်တစ်ခုကို ချုပ်ဆိုကြသည်။ ထိုစာချုပ်ကို B ထံတွင်ထားရှိရာ B က A ကိုယင်း စာချုပ်အရတရားစွဲဆိုသည်။ စာချုပ်ကို မည်သည့် အကြောင်းများကြောင့်ထိုသို့ပေးအပ်ခဲ့ကြောင်းကို A ကသက်သေခံတင်ပြနိုင်သည်။