ပုဒ်မ ၂၄၅
ပုဒ်မ ၂၄၅
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

(က) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊

(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လို ကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊

(ဂ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊

(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် ရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၏ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူး သက်တမ်းအတွက်သာ ဖြစ်စေရမည်၊

(င) (၁) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သွားသောကြောင့်ဖြစ်စေ၊ ကွယ်လွန် သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူး လစ်လပ်ပါက အစားထိုးရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်သည် ယင်းတို့အား ဆက်လက် တာဝန်ပေးနိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်များကို ခန့်အပ်တာဝန်ပေး နိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည်ဆိုပါက ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်း စစ်ချုပ်အသစ် များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် တို့အား ယင်းတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်စေနိုင်သည်၊

(၂) အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယ စာရင်းစစ်ချုပ်အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူး သက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

(စ) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။