(၁) တရားခံနှစ်ဦး၊ သို့မဟုတ် တရားခံများ တရားရုံးရှေ့သို့ ရောက်ရှိနေသော ဤဥပဒေအရ ဆောင်ရွက်သည့် စုံစမ်းစစ်ဆေးမှုတစ်ခု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတစ်ခု၏ မည်သည့်အဆင့်၌မဆို ထိုတရားခံများအနက် တစ်ဦးတစ်ယောက်အနေနှင့်ဖြစ်စေ၊ အများအနေနှင့် ဖြစ်စေ တရားရုံးရှေ့တွင် ဆက်လက်ရှိနေရန် မတတ်နိုင်သည်ကို တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက လက်ခံကျေနပ်သည့်အခါ ထိုကဲ့သို့ ဆက်လက်ရှိနေရန်မတတ်နိုင်သည့် အကြောင်းပြချက်ကိုရေးမှတ်လျက် အကယ်၍ ထိုတရားခံကိုယ်စား ၎င်း၏ရှေ့နေရှိနေမည်ဆိုလျှင် ထိုတရားခံ မလာရောက်နိုင်ခြင်းကို ခွင့်လွှတ်၍ ၎င်း၏မျက်ကွယ်တွင် ဆိုခဲ့သည့် စုံစမ်းစစ်ဆေးမှ ကိုဖြစ်စေ၊ စစ်ဆေးစီရင်မှုကိုဖြစ်စေ ဆက်လက်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ယင်းမှုခင်းကိစ္စ ဆောင်ရွက်သည့်နောက်ပိုင်း မည်သည့်အဆင့်၌မဆို ဆိုခဲ့သည့် တရားခံကို ကိုယ်တိုင်လာရောက်ရန် ဆင့်ဆိုနိုင်သည်။
(၂) ဆိုခဲ့သည့်အမှုမျိုးတွင် အကယ်၍ ထိုတရားခံအတွက် ရှေ့နေမရှိလျှင်၊ သို့မဟုတ် တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက ထိုတရားခံကိုယ်တိုင် လာရောက်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် ထိုသို့ ထင်မြင်ယူဆသည့်အကြောင်းကို ရေးမှတ်လျက် မိမိသင့်သည် ထင်မြင်သည့်အတိုင်း ဆိုခဲ့သည့် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှုကို ရွှေ့ဆိုင်းခိုင်သည်၊ သို့မဟုတ် ၎င်းတရားခံ၏အမှုကို ခွဲထုတ်၍ သီးခြားစစ်ဆေးစီရင်ရန် အမိန့်ချမှတ်နိုင်သည်။