ပုဒ်မ ၂၀၂
ပုဒ်မ ၂၀၂
အမိန့် ဆင့်စာ ထုတ်ခြင်းကို ရွှေ့ဆိုင်းခြင်။

(၁) ရာဇဝတ်တရားသူကြီး တစ်ဦးဦးသည် မိမိအရေးယူပိုင်ခွင့်ရှိသည့်၊သို့မဟုတ် ပုဒ်မ ၁၉၂ အရ မိမိထံလွှဲပို့သည့် ပြစ်မှုတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ တိုင်တန်းချက် ရရှိသည့်အခါ တိုင်တန်းခံရသူအား အတင်းအကြပ် ရောက်ရှိစေရန်အတွက် အမိန့်ဆင့်စာ မထုတ်သေးဘဲ အကြောင်းပြချက်များ ရေးမှတ်၍ ရွှေ့ဆိုင်းထားသင့်သည် ထင်မြင်လျှင် ရွှေ့ဆိုင်းနိုင်ခွင့်ရှိသည့် အပြင် အမှုကို မိမိကိုယ်တိုင်စုံစမ်းစစ်ဆေးနိုင်သည်။ မိမိသည် တတိယတန်းအာဏာရ ရာဇဝတ် တရားသူကြီးမဟုတ်ဘဲ အခြား အဆင့်အတန်းရှိသည့် ရာဇဝတ်တရားသူကြီးဖြစ်ခဲ့လျှင် မိမိ၏ လက်အောက် ရာဇဝတ်တရားသူကြီး တစ်ဦးဦးကိုဖြစ်စေ၊ ရဲအရာရှိတစ်ဦးဦးကိုဖြစ်စေ၊ သင့်သည် ထင်မြင်သည့် အခြားသူ တစ်ဦးတစ်ယောက်ကိုဖြစ်စေ တိုင်တန်းချက် မှန်မမှန် သိသာရန်ကိစ္စ အလို့ငှာ စုံစမ်းထောက်လှမ်းခြင်း၊ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရမည့်အကြောင်း ညွှန်ကြားနိုင်သည်။

သို့ရာတွင် တိုင်တန်းချက်ကို တရားရုံးတစ်ရုံးကပြုလုပ်ခြင်းမဟုတ်လျှင် ပုဒ်မ ၂၀၀ ပါ ပြဋ္ဌာန်းချက်အရ တိုင်တန်းသူကိုကျမ်းသစ္စာဖြင့် စစ်ဆေးထားခြင်းမရှိသေးပါက ဆိုခဲ့သည့် ညွှန်ကြားချက်မျိုးမပြုလုပ်ရ။

(၂) အကယ်၍ ဤပုဒ်မအရ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စုံစမ်းထောက်လှမ်းမှ တစ်စုံတစ်ရာကို ပြုလုပ်ရာတွင် ရာဇဝတ်တရားသူကြီးမဟုတ်သူကဖြစ်စေ၊ ရဲအရာရှိတစ်ဦး မဟုတ် သူကဖြစ်စေ ပြုလုပ်ခဲ့လျှင် ၎င်းသူမှာ ဝရမ်းမပါဘဲ ဖမ်းဆီးပိုင်ခွင့်မှတစ်ပါး ဤဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးသို့ အပ်နှင်းသည့်အာဏာများကို သုံးစွဲရမည်။

(၂ - က) ဤပုဒ်မအရ အမှုတစ်ခုလုံးကို စုံစမ်းစစ်ဆေးသည့် မည်သည့် ရာဇဝတ် တရားသူကြီးမဆို သင့်သည်ထင်မြင်လျှင် သက်သေများကို ကျမ်းသစ္စာဖြင့် စစ်ဆေး၍ သက်သေခံချက်များ ရယူနိုင်သည်။