(၁) မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်းပြုသော ရဲအရာရှိ တစ်ဦး သည် မိမိ၏ ရဲစခန်းပိုင်နယ်မြေအတွင်း၌ ရှာဖွေရန်ဆင့်ဆိုနိုင်သည့် မည်သည့် အမှုတွင် မဆို တစ်ခရိုင်တည်း ၌ရှိသော သို့မဟုတ် အခြားခရိုင်တစ်ခု၌ရှိသော အခြား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူးအား တစ်စုံတစ်ခုသော နေရာတွင် ရှာဖွေစေနိုင်သည်။
(၂) အဆိုပါအရာရှိသည် ယင်းကို တာဝန်ပေးခြင်းခံရသောအခါ ပုဒ်မ ၁၆၅ ပါ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်၍ တွေ့ရှိရသော ပစ္စည်းတစ်စုံတစ်ရာကို ရှာဖွေရန် တာဝန်ပေးသည့် အရာရှိထံ ပေးပို့ရမည်။
(၃) အခြား မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးအား ပုဒ်မခွဲ (၁)အရ ရှာဖွေစေခြင်းအားဖြင့် နှောင့်နှေး ကြန့်ကြာရခြင်းကြောင့် ပြစ်မှုတစ်ရပ်ကျူးလွန်ကြောင်း သက်သေခံအထောက် အထားမှာ ကွယ်ဝှက် ခံရလိမ့်မည် သို့မဟုတ် ဖျက်ဆီးခံရလိမ့်မည်ဟု ယုံကြည်ရန် အကြောင်း ရှိသည့် အခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူးအနေဖြင့် သို့မဟုတ် ဤအခန်းအရ စုံစမ်း ထောက်လှမ်းခြင်း ပြုလုပ်နေသည့် ရဲအရာရှိ တစ်ဦးအနေဖြင့် မိမိစခန်းပိုင် နယ်မြေ အတွင်း၌ အဆိုပါနေရာ တည်ရှိဘိသကဲ့သို့ အခြားရဲစခန်းပိုင် နယ်မြေအတွင်းရှိ မည်သည့် နေရာ၌မဆို ပုဒ်မ ၁၆၅ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ရှာဖွေခြင်း သို့မဟုတ် ရှာဖွေ စေခြင်း သည် တရားဝင်ဖြစ်စေရမည်။
(၄) ပုဒ်မခွဲ (၃) အရ ရှာဖွေမှုပြုလုပ်နေသော မည်သည့်အရာရှိမဆို ရှာဖွေသည့်နေရာ တည်ရှိ ရာ နယ်မြေကို ပိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးထံသို့ ရှာဖွေသည့် အကြောင်းကြား စာ ချက်ချင်းပေးပို့ ရမည်။ ၎င်းပြင် အကယ်၍ ပုဒ်မ ၁၀၃ အရ ပစ္စည်းစာရင်း ပြုလုပ်ခဲ့လျှင် ယင်းစာရင်း မိတ္တူတစ်စောင်ကို အဆိုပါ အကြောင်းကြားစာနှင့် တစ်ပါတည်း ပေးပို့ ရမည်။