ပုဒ်မ ၂၉
ပုဒ်မ ၂၉
စာတမ်းအမှတ်အသား

စာတမ်းအမှတ်အသား” ဆိုသည်မှာ အကြောင်းအရာတစ်ခုခု၏ သက်သေခံအဖြစ်ဖြင့် အသုံးပြုရန် ကြံရွယ်သော သို့မဟုတ် အသုံးပြုနိုင်သော အက္ခရာဖြင့်ဖြစ်စေ၊ ကိန်းဂဏန်းဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထိုနည်းများအနက် တစ်နည်းထက်ပိုသော နည်းများဖြင့်ဖြစ်စေ မည်သည့်အရာဝတ္ထုပေါ်၌မဆို ရေးသားထားသော သို့မဟုတ် ဖော်ပြထားသော အကြောင်းအရာကို ဆိုသည်။


ရှင်းလင်းချက် ၁။ အက္ခရာများကို သို့မဟုတ် ကိန်းဂဏန်းများကို သို့မဟုတ် အမှတ်အသားများကို မည်သည့်အရာဝတ္ထုပေါ်တွင် မည်သည့်နည်းဖြင့် ရေးသားဖော်ပြထားသည်ဖြစ်စေ၊ ဆိုခဲ့သော အကြောင်း အရာတို့ကို သက်သေခံအဖြစ်ဖြင့် တရားရုံးတွင်အသုံးပြုရန်အတွက် ကြံရွယ်သည်ဖြစ်စေ၊ မကြံရွယ်သည် ဖြစ်စေ၊ တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ ဤအချက်များသည် အရေးကြီးသည် မဟုတ်။

ဥပမာများ

ပဋိညာဉ်ပြုကြောင်း သက်သေခံချက်အဖြစ် အသုံးပြုနိုင်သည့် ပဋိညာဉ်စည်းကမ်းချက်များကိုဖော်ပြသော ရေးသားချက်သည် စာတမ်းအမှတ်အသားဖြစ်သည်။

ငွေထုတ်ပေးရန်ဘဏ်တိုက်သို့ ညွှန်ကြားသော ချက်လက်မှတ်သည် စာတမ်းအမှတ်အသားဖြစ်သည်။

“ကိုယ်စားလှယ်လွှဲစာ” သည် စာတမ်းအမှတ်အသားဖြစ်သည်။

သက်သေခံအဖြစ် အသုံးပြုရန်ကြံရွယ်သော သို့မဟုတ် အသုံးပြုနိုင်သော မြေပုံသည် သို့မဟုတ် ပုံစံသည် စာတမ်းအမှတ်အသားဖြစ်သည်။

အမိန့်ဆင့်ဆိုချက် သို့မဟုတ် ညွှန်ကြားချက်ပါရှိသော စာအရေးအသားသည် စာတမ်းအမှတ်အသား ဖြစ်သည်။


ရှင်းလင်းချက် ၂။ ကုန်သွယ်မှု သို့မဟုတ် အခြားအလေ့အထအတိုင်း ရေးသားသည့် အက္ခရာများ သို့မဟုတ် ကိန်းဂဏန်းများ သို့မဟုတ် အမှတ်အသားများသည် ရေးသားထားသည့်အတိုင်း အဓိပ္ပာယ် မပေါ်စေကာမူ အဆိုပါအက္ခရာများ၊ ကိန်းဂဏန်းများ သို့မဟုတ် အမှတ်အသားများသည် ဤပုဒ်မ အဓိပ္ပာယ်အလို့ငှာ ဖော်ပြထားသည်ဟု မှတ်ယူရမည်။


ဥပမာ

မိမိညွှန်ကြားသူသို့ ငွေပေးချေရန်ဖြစ်သော ငွေလွှဲလက်မှတ် ကျောဘက်တွင် A က မိမိ၏ အမည်ကို ရေးသားလျှင် ထိုရေးသားချက်သည် ကုန်သွယ်မှုအလေ့အထအတိုင်း ထိုလက်မှတ်လက်ရှိဖြစ်သူအား ငွေပေးချေရမည်ဟု ဆိုသည်။ ထိုရေးသားချက်သည် စာတမ်းအမှတ်အသား ဖြစ်သည့်အပြင် အမည် ရေးထိုးသော လက်မှတ်အထက်တွင် “လက်ရှိဖြစ်သူအားပေးပါ” ဟူသော စကားရပ်ကိုဖြစ်စေ၊ ထိုအဓိပ္ပာယ် သက်ရောက်သည့် စကားရပ်ကိုဖြစ်စေ ရေးသားသကဲ့သို့ အဓိပ္ပာယ်ကောက်ယူရမည်။



ကျင့်ထုံး