ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် -
(က) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့်နယ်မြေဒေသအတွင်း မူလအခြေ အနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်း ဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများ နှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင် ရွက်နိုင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ် အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်သည်။