ပုဒ်မ ၆၀
ပုဒ်မ ၆၀
ပစ္စည်းကိုဝရမ်းကပ်ခြင်း

ဒီကရီအတည်ပြုရာတွင် ဝရမ်းကပ်ရောင်းချနိုင်သည့်ပစ္စည်းများ 

(၁) ဒီကရီအတည်ပြုရာတွင် အောက်ပါပစ္စည်းများကို ဝရမ်းကပ်၍ ရောင်းချနိုင်သည်။ ၎င်းတို့မှာ တရားရှုံး၏အမည်ဖြင့် ရှိသည်ဖြစ်စေ၊ တရားရှုံးအတွက် ယုံမှတ်အပ်နှံခြင်းခံရသည့် အနေဖြင့် အခြားသူ၏ အမည်ဖြင့် ရှိသည်ဖြစ်စေ၊ တရားရှုံးကိုယ်စား အခြားသူ၏ အမည်ဖြင့် ရှိသည်ဖြစ်စေ တရားရှုံးပိုင်သော သို့မဟုတ် တရားရှုံးက မိမိ၏အကျိုးငှာ စီမံခန့်ခွဲခွင့်ရှိသော မြေများ၊ အိမ်များ သို့မဟုတ် အခြားအဆောက်အအုံများ၊ ကုန်စည်၊ ငွေ၊ ဘဏ်ငွေစက္ကူများ၊ ချက်လက်မှတ်များ၊ ငွေလွှဲစာချုပ်များ၊ ဟွန်ဒီလက်မှတ်များ၊ ငွေပေးကတိစာချုပ်များ၊ အစိုးရငွေချေးသက်သေခံ လက်မှတ် များ၊ ငွေအတွက် ခံဝန်ချုပ်များ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များ၊ ကြွေးမြီများ၊ ကော်ပိုရေးရှင်းတွင် အစုရှယ်ယာများ၊ ထို့ပြင် အောက်ပါပစ္စည်းများမှအပ အခြားရောင်းချနိုင်သော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်း သို့မဟုတ် တရားရှုံးက မိမိ အကျိုးငှာ စီမံခန့်ခွဲခွင့်ရှိသော ယင်းပစ္စည်း တစ်ရပ်ရပ်အတွက် အမြတ်အစွန်းများ ဖြစ်သည်။

သို့ရာတွင် အောက်ပါပစ္စည်းများမှာ ဆိုခဲ့သည့်အတိုင်း ဝရမ်းကပ်ခြင်း သို့မဟုတ် ရောင်းချခြင်း မခံထိုက်စေရ –

(က)  တရားရှုံး၊ ၎င်း၏မယားနှင့် သားသမီးတို့ ဝတ်ဆင်သည့်အဝတ်အစား၊ ချက်ပြုတ်ရန် အိုးခွက်၊ အိပ်ရာနှင့် အိပ်ရာသုံးပစ္စည်းများနှင့် ဘာသာ အယူဝါဒနှင့် သက်ဆိုင်သည့် ထုံးစံအလျောက် မည်သည့်မိန်းမနှင့်မဆို အမြဲအတူရှိထိုက်သည့် ကိုယ်ဝတ်တန်ဆာ၊

( ခ ) လက်မှုပညာရှင်တို့၏ ကိရိယာတန်ဆာပလာများနှင့် တရားရှုံးမှာ တောင်သူ လယ်သမားဖြစ်လျှင် လယ်ယာလုပ်ကိုင်သူတို့၏ ကိရိယာတန်ဆာပလာများနှင့် လယ်ယာလုပ်ကိုင်သူအဖြစ်ဖြင့် အသက်မွေးမြူနိုင်ရန် လိုအပ်ကြောင်း တရားရုံးက ထင်မြင်သည့် ကျွဲ၊ နွားနှင့် မျိုးစေ့၊ ထို့ပြင် လယ်ယာ ထွက်ကုန်များအနက်မှဖြစ်စေ၊ လယ်ယာထွက်ကုန်အမျိုးအစား တစ်ရပ်ရပ် အနက်မှ ဖြစ်စေ၊ ဆက်လျက်လာသည့် နောက်ပုဒ်မပါ ပြဌာန်းချက်များအရ ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာသမျှသော လယ်ယာထွက်ကုန် သို့မဟုတ် ယင်းထွက်ကုန်အမျိုးအစား၊

(ဂ)    တောင်သူလယ်သမားတစ်ဦးပိုင်ပြီး လက်ရှိ နေထိုင်သည့်အိမ်နှင့် အခြားအဆောက် အအုံများ (ဆောက်လုပ်ရေးပစ္စည်းနှင့် တည်ရာမြေကွက်များနှင့် တကွ၊ ထိုအိမ် အဆောက်အအုံတို့နှင့် တစ်ဆက်တည်း တည်ရှိပြီး ယင်းတို့ကို ခံစားနိုင်ရန် လိုအပ်သော မြေအပါအဝင်)၊

(ဃ)  စာရင်းစာအုပ်များ၊

( င ) နစ်နာကြေးရရန်အတွက် တရားစွဲဆိုရုံသာ စွဲဆိုခွင့်၊

( စ ) လူ့လုပ်အားကို အသုံးချပိုင်ခွင့်တစ်ရပ်ရပ်၊

(ဆ) အစိုးရပင်စင်စားတို့အားပေးသည့် ထောက်ပံ့ငွေနှင့် ဆုကြေးငွေ သို့မဟုတ် နိုင်ငံတော် သမ္မတက ဤကိစ္စအလို့ငှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ကြေညာသော ဝန်ထမ်းမိသားစု ပင်စင်ရန်ပုံငွေမှပေးသည့် ထောက်ပံ့ငွေနှင့် ဆုကြေးငွေ၊ ထို့ပြင် နိုင်ငံရေးပင်စင်၊

( ဇ)   ငွေဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ပေးသောအလုပ်သမားများနှင့် အိမ်စေများ၏ လုပ်ခများ၊ ထို့ပြင် လစာမှ ပထမ ကျပ်သုံးသောင်း နှင့် ကျန်ငွေ၏ထက်ဝက်၊

(စျ) ပြည်သူ့အရာထမ်း xxxxxx သို့မဟုတ် ဒေသန္တရ အဖွဲ့အစည်းမှ အမှုထမ်း တစ်ဦးဦး၏ လစာမှ ပထမ ကျပ်သုံးသောင်း နှင့် ကျန်ငွေ၏ထက်ဝက်၊

သို့ရာတွင် ဝရမ်းကပ်ခွင့်ရှိသော ယင်းလစာတစ်ရပ်လုံးကို သို့မဟုတ် တစ်စိတ်တစ်ဒေသကို တစ်ဆက် တည်းဖြစ်စေ၊ ပြတ်တောင်းပြတ်တောင်းဖြစ်စေ စုစုပေါင်း ၂၄ လကြာ ကာလအထိ ဝရမ်း ကပ်ခဲ့ပြီးဖြစ်လျှင် ထိုလစာ အစိတ်အပိုင်းသည် နောက်ထပ် တစ်ဆယ့်နှစ်လကြာကာလ ကုန်ဆုံးသည် အထိ ဝရမ်းကပ်ခြင်းမှ ကင်းလွတ်စေရမည့်အပြင် ဒီကရီတစ်ရပ်တည်းကို အတည်ပြုရာတွင် ယင်းသို့ ဝရမ်းကပ်ခဲ့ရခြင်းဖြစ်ပါမူ ယင်းဒီကရီကို အတည်ပြုရာ၌ ဝရမ်းကပ်ခြင်းမှ အပြီးသတ်ကင်းလွတ် စေရမည်။

(ည) ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေနှင့် သက်ဆိုင်သူများ၏လစာနှင့် စရိတ် ကြေးငွေများ၊

( ဋ ) မထည့်မနေရ ထည့်သွင်းစုဆောင်းထားရသည့် ငွေအားလုံး

( ဌ )  နိုင်ငံတော်သမ္မတက ဝရမ်းကပ်ခြင်းမှ ကင်းလွတ်စေရမည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်၍ ကြေညာနိုင်သည့် ပြည်သူ့အရာထမ်း သို့မဟုတ် ရထားအမှုထမ်း သို့မဟုတ် ဒေသန္တရ အဖွဲ့အစည်းမှ အမှုထမ်း တစ်ဦးဦး၏ လစာစရိတ် ကြေးငွေများ၏ တစ်စိတ်တစ်ဒေသဖြစ်သော စရိတ်ငွေနှင့် ထိုအရာထမ်း သို့မဟုတ် အမှုထမ်းကို ရာထူးချထားစဉ် ခွင့်ပြုသော စားစရိတ် ထောက်ပံ့ကြေး၊

( ဍ )  မိသားစုများအဖြစ် အမွေဆက်ခံရရှိမည်ဟု မျှော်လင့်ရခွင့် သို့မဟုတ် ပုံသေ မဟုတ်သော သို့မဟုတ် ဖြစ်နိုင်သော အခြားရပိုင်ခွင့်သက်သက် သို့မဟုတ် အခြား အကျိုးသက်ဆိုင်ခွင့်သက်သက်၊

( ဎ ) နောင်ကာလတွင် စားစရိတ်ရထိုက်ခွင့်၊

(ဏ)  ပြည်ထောင်စုမြန်မာနိုင်ငံရှိ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဒီကရီအတည်ပြုရာတွင် ဝရမ်းကပ်ခံရခြင်း သို့မဟုတ် ရောင်းချခံရခြင်းမှ ကင်းလွတ်ခွင့်ပြုထားသော စရိတ်ငွေ၊

(တ) တရားရှုံးသည် မြေခွန်ထမ်းဆောင်ရမည့်သူဖြစ်လျှင် ထိုသူနှင့် သက်ဆိုင်သည့် တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ယင်းအခွန်မပြေကျန်ငွေကို ... တောင်းခံရာတွင် ရောင်းချခြင်းမှ ကင်းလွတ်သည့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်။

ရှင်းလင်းချက် ၁ ။      ။အပိုဒ် (ဆ)၊ (ဇ)၊ (ဈ)၊ (ည)၊ (ဌ) နှင့်(ဏ)တို့တွင် ဖော်ပြထားသော လစာ အစရှိသည်တို့မှာ အမှန်တကယ်ပေးရန် အချိန်မစေ့ရောက်မီဖြစ်စေ၊ အချိန်စေ့ရောက်ပြီးမှ ဖြစ်စေ၊ ဝရမ်းကပ်ခြင်း သို့မဟုတ် ရောင်းချခြင်းမှ ကင်းလွတ်သည့် အပြင် ပြည်သူ့အရာထမ်း သို့မဟုတ် ရထားအမှုထမ်း သို့မဟုတ် ဒေသန္တရအဖွဲ့ အစည်းအမှုထမ်း၏ လစာမှအပ အခြားလစာမှ ဝရမ်းကပ်၍ ရသော အပိုင်းမှာ ယင်းလစာကို အမှန်တကယ်ပေးရန် အချိန်မစေ့မီ ဝရမ်းကပ်ခြင်းမှ ကင်းလွတ်သည်။

ရှင်းလင်းချက် ၂။       ။ အပိုဒ် (ဇ) နှင့် (ဈ)တွင် “လစာ” ဆိုသည်မှာ အပိုဒ် (ဌ)ပါ ပြဌာန်းချက်အရ ၀ရမ်းကပ်ခြင်းမှ ကင်းလွတ်သည်ဟု ကြေငြာထားသည့် စရိတ်ငွေကို နုတ်ပယ်၍ တစ်ဦးတစ်ယောက်သောသူ တာဝန်ထမ်းဆောင်ခိုက်ဖြစ်စေ၊ ခွင့်သွားစဉ်ဖြစ်စေ မိမိအလုပ်မှ လစဉ် ရရှိသော စုစုပေါင်း လစာစရိတ်ကြေးငွေများကိုဆိုသည်။

(၂) အိမ်နှင့် အခြားအဆောက်အအုံများ (ယင်းတွင် ဆောက်လုပ်ရေးပစ္စည်းနှင့် တည်ရာ မြေကွက်များနှင့်တကွ ထိုအိမ်အဆောက်အအုံတို့နှင့် တစ်ဆက်တည်းရှိပြီး ယင်းတို့ကို ခံစားနိုင်ရန် လိုအပ်သော မြေအပါအဝင်)၊ မြေကွက် သို့မဟုတ် မြေ၏ငှားရမ်းခအတွက် ဒီကရီများကို အတည်ပြုရာတွင် ဤပုဒ်မပါ မည်သည့်ပြဌာန်းချက်ကမျှ ယင်းအိမ်အဆောက်အအုံ၊ မြေကွက် သို့မဟုတ် မြေကို ဝရမ်းကပ်ခြင်းမှဖြစ်စေ၊ ရောင်းချခြင်းမှဖြစ်စေ၊ ကင်းလွတ်ခွင့်ရစေသည်ဟု မှတ်ယူခြင်း မပြုရ။