သူတစ်ဦးသည် အများပြည်သူကိုသော်လည်းကောင်း၊ အနီးအပါးတွင် နေထိုင်သော သို့မဟုတ် အိမ်ရာပစ္စည်းလက်ရှိဖြစ်သောသူတို့ကိုသော်လည်းကောင်းတူညီသည့် နစ်နာမှုကိုဖြစ်စေသော သို့မဟုတ် တူညီသည့် ဘေးကိုဖြစ်စေသော သို့မဟုတ် တူညီသည့် စိတ်ငြိုငြင်မှုကိုဖြစ်စေသော ပြုလုပ်မှုကိုဖြစ်စေ၊ ထိုကဲ့သို့သော ဥပဒေနှင့်မညီသည့် ပျက်ကွက်မှုကိုဖြစ်စေပြုလျှင် သို့မဟုတ် အများပြည်သူ အခွင့်အရေး တစ်ရပ်ရပ်ကို သုံးစွဲရန် အခါအခွင့်ကြုံသောသူအား မလွဲမသွေ နစ်နာစေရမည်ဖြစ်သော သို့မဟုတ် ဟန့်တား စေရမည်ဖြစ်သော သို့မဟုတ် ဘေးရောက်စေရမည်ဖြစ်သော သို့မဟုတ် စိတ်ငြိုငြင် စေရမည်ဖြစ်သော ပြုလုပ်မှုကိုဖြစ်စေ၊ ထိုကဲ့သို့သော ဥပဒေနှင့်မညီသည့် ပျက်ကွက်မှုကိုဖြစ်စေပြုလျှင် ထိုသူသည် အများပြည်သူနှောင့်ယှက်မှုကို ကျူးလွန်သည် မည်၏။
အများပြည်သူကို နှောင့်ယှက်ခြင်းဖြင့် ထိုသို့နှောင့်ယှက်ခြင်းသည် သက်သာမှုကို သော် လည်းကောင်း၊ ကောင်းကျိုးကိုသော်လည်းကောင်း ဖြစ်စေသည်ဟု အကြောင်းပြစေကာမူ အပြစ်မှ ကင်းလွတ်ခွင့်ရှိသည် မဟုတ်။