(၁) မည်သည့်အခါမဆို ရာဇသတ်ကြီးအခန်း (၈) ပါ ပုဒ်မ ၁၄၉ နှင့် ပုဒ်မ ၁၅၄ မှလွဲ၍ ထိုအခန်းပါ ပြစ်မှုများ သို့မဟုတ် လက်ရောက်မှု သို့မဟုတ် ငြိမ်ဝပ်ရေးပျက်ပြားမှု အကျုံးဝင်သော အခြားပြစ်မှု သို့မဟုတ် အထက်ပါ ပြစ်မှုတစ်ခုခုကို အားပေးကူညီမှု သို့မဟုတ် ပြစ်မှုမကင်းသော ခြောက်လှန့်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူ မည်သူကိုမဆို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်ကဖြစ်စေ၊ စက်ရှင်တရားရုံးကဖြစ်စေ၊ ခရိုင်ရာဇဝတ် တရားသူကြီးကဖြစ်စေ၊ နယ်ပိုင်ရာဇဝတ် တရားသူကြီး ကဖြစ်စေ၊ ပထမတန်းအာဏာရ တရားသူကြီးကဖြစ်စေ ပြစ်မှုထင်ရှား စီရင်ပြီးနောက် - ( ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆ )
ထိုသူကိုငြိမ်ဝပ်စွာနေထိုင်ရန်အတွက် ခံဝန်ချုပ်စေရန်လိုအပ်သည်ဟု အဆိုပါ တရားရုံး က ထင်မြင်လျှင် -
ထိုသူအပေါ် ပြစ်မှုစီရင်သည့်အချိန်တွင် သုံးနှစ်ထက်မပိုသည့် မိမိသင့်သည် ထင်မြင်သော ကာလ အပိုင်းအခြားအတွင်း ငြိမ်ဝပ်စွာနေထိုင်ရန်အတွက် အာမခံသူများပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ထိုသူ တတ်နိုင်သည့် သင့်တော်ရာငွေကြေးဖြင့် ခံဝန်ချုပ်ဆိုရန် အဆိုပါ တရားရုံးက အမိန့် ချမှတ်နိုင်သည်။
(၂) အယူခံတွင်ဖြစ်စေ၊ အခြားနည်းအရဖြစ်စေ ပြစ်မှုထင်ရှားစီရင်ထားခြင်းကို ပယ်ဖျက် ခဲ့လျှင် ထိုသို့ ချုပ်ဆိုထားသော ခံဝန်သည် ပျက်ပြယ်သွားစေရမည်။
(၃) ဤပုဒ်မအရ အမိန့်တစ်ရပ်ကို ပုဒ်မ ၄ဝ၇ အရ အယူခံမှုများကို ကြားနာသော တရားရုံး အပါအဝင် အယူခံတရားရုံးတစ်ရုံးကဖြစ်စေ၊ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ဖြစ်စေပြင်ဆင်မှုအာဏာများ သုံးစွဲသည့်အခါတွင်ဖြစ်စေ ချမှတ် နိုင်သည်။ ( ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆/၂ဝ၁၆)