ပုဒ်မ ၁၇၃
ပုဒ်မ ၁၇၃
ရဲအရာရှိ၏ အစီရင်ခံစာ

(၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းမှုတိုင်းသည် အကြောင်းမဲ့ မကြန့်ကြာစေဘဲ ပြီးပြတ် စေရမည်။ ထို့ပြင် ယင်းစုံစမ်းထောက်လှမ်းမှု ပြီးပြတ်လျှင် ပြီးပြတ်ခြင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူးသည်

(က) ရဲအစီရင်ခံစာအရ ပြစ်မှုကို အရေးယူပိုင်ခွင့်ရှိသော တရားသူကြီး တစ်ဦးထံသို့ နိုင်ငံတော်သမ္မတက သတ်မှတ်ထားသည့်ပုံစံဖြင့် အမှုသည်များ၏ အမည်များ၊ မည်သည့် သတင်းမျိုး ဖြစ်ကြောင်း၊ ၎င်းပြင် အမှုအဖြစ်အပျက် အကြောင်းအရာ များနှင့် စပ်လျဉ်း၍ သိကျွမ်းပုံ ရသူများ၏ အမည်များကို ထည့်သွင်းရေးသားပြီး ဖမ်းမိသောတရားခံကို အချုပ်နှင့်တင်ပို့ ထားပြီးဖြစ်ကြောင်း သို့မဟုတ် အာမခံသူ များနှင့် သို့မဟုတ် အာမခံသူ များမပါဘဲ ကိုယ်ပိုင် ခံဝန်ချုပ်ဖြင့် လွှတ်ထားပြီး ကြောင်း ဖော်ပြလျက် အစီရင်ခံစာတစ်စောင် ပေးပို့ရမည်။

၎င်းပြင်

(ခ) ပြစ်မှုကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ ပထမ သတင်းပေး တိုင်တန်းသူရှိခဲ့လျှင် မည်သို့ အရေးယူ ကြောင်းကို ထိုသူအား နိုင်ငံတော်သမ္မတက သတ်မှတ်သည့် နည်းလမ်း အတိုင်း အကြောင်း ကြားရမည်။

(၂) ပုဒ်မ ၁၅၈ အရ အထက်ရဲအရာရှိတစ်ဦး ခန့်ထားပြီးဖြစ်လျှင် မည်သည့်အမှု၌မဆို နိုင်ငံတော် သမ္မတက ယေဘုယျအမိန့်ဖြင့်ဖြစ်စေ၊ အထူးအမိန့်ဖြင့် ဖြစ်စေ ညွှန်ကြားလျှင် အစီရင်ခံစာကို ထိုအရာရှိမှ တစ်ဆင့် တင်သွင်းရမည်။ ထို့ပြင် ၎င်းအရာရှိသည် တရားသူကြီးက အမိန့်များမချမီ နောက်ထပ် စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးအား ညွှန်ကြားနိုင်သည်။

(၃) တရားခံအား ကိုယ်တိုင်ခံဝန်ချုပ်ဖြင့် လွှတ်ထားကြောင်းကို ဤပုဒ်မအရ တင်ပြသည့် အစီရင်ခံစာ ၌ ပေါ်ပေါက်သည့်အခါတိုင်း၊ တရားသူကြီးသည် အဆိုပါ ခံဝန်ချုပ်အတိုင်း ဆောင်ရွက် ရန်ဖြစ်စေ၊ အခြားနည်းဆောင်ရွက်ရန်ဖြစ်စေ မိမိသင့်သည် ထင်မြင်သည့် အမိန့်ချမှတ်ရမည်။