(၁) မည်သည့် အခါတွင်မဆို ခရိုင်ရာဇဝတ် တရားသူကြီး၊ နယ်ပိုင်ရာဇဝတ် တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရတရားသူကြီး တစ်ဦးဦးက မိမိ၏ စီရင်ပိုင်ခွင့် အာဏာ နယ်မြေအတွင်း ပုဒ်မ ၁၄၅ ၊ ပုဒ်မခွဲ (၂) တွင် ရှင်းလင်းဖွင့်ဆိုထားသည့် မြေ သို့မဟုတ် ရေ တစ်စုံတစ်ရာကို အသုံးပြုခွင့်ရထားသည်ဆိုသော (အဆိုပါ အခွင့်အရေးကို သက်သာခွင့် တစ်ရပ် အနေဖြင့် တောင်းဆိုသည်ဖြစ်စေ၊ အခြားနည်းဖြင့် အရေးဆိုသည်ဖြစ်စေ) အချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ငြိမ်ဝပ်ရေး ပျက်ပြားစေနိုင်သည့် အငြင်းပွားမှု တစ်စုံ တစ်ရာ ရှိနေကြောင်း ရဲအစီရင်ခံစာအရ ဖြစ်စေ၊ အခြား သတင်းပေးချက်အရဖြစ်စေ ကျေနပ်လက်ခံလျှင် မည်သည့်အကြောင်းများ ကြောင့် ထိုကဲ့သို့ ကျေနပ်လက်ခံကြောင်း ဖော်ပြရေးသားလျက် အငြင်းပွားမှုတွင် ပါဝင်ပတ်သက် နေသူများအား ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်အတွင်း တရားရုံးသို့ လာရောက်၍ မိမိတို့၏ တောင်းဆိုချက် အသီးသီးကိုဖော်ပြလျက် စာဖြင့်ရေးသား တင်သွင်း ကြရန် ဆင့်ဆိုသည့် အမိန့်တစ်ရပ်ကို ချမှတ်ရမည်။ ထို့ပြင် နောက်တွင် ပုဒ်မ ၁၄၅ ၌ ပြဋ္ဌာန်း ပါရှိသည့် နည်းလမ်းအတိုင်း စုံစမ်းစစ်ဆေးရမည်။ ယင်းကဲ့သို့ စုံစမ်းစစ်ဆေးမှုတွင် ထိုပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။
(၂) အဆိုပါ အခွင့်အရေးတည်ရှိနေသည်ဟု ယင်းတရားသူကြီးက ယူဆလျှင် အဆိုပါ အခွင့် အရ သုံးစွဲမှုအား နှောင့်ယှက်မှုမှန်သမျှကို ပိတ်ပင်သည့် အမိန့် တစ်ရပ်ထုတ်ဆင့်ရမည်။
သို့ရာတွင် အခွင့်အရေးမှာ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်သည့် အခွင့်အရေးဖြစ်ပြီး စုံစမ်း စစ်ဆေးမှု မပြုလုပ်မီ သုံးလအတွင်း ယင်းအခွင့်အရေးကို အသုံးပြုခဲ့ခြင်းမရှိလျှင် သို့မဟုတ် ထိုအခွင့်အရေးမှာ သတ်မှတ်ထားသော ရာသီများ သို့မဟုတ် သတ်မှတ်ထား သော အခါသမ များ၌သာ အသုံးပြုနိုင်သည့် အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေးကို စုံစမ်းစစ်ဆေးမှု မပြုလုပ်မီ အဆိုပါ ရာသီများ၏ နောက်ဆုံး ရာသီတွင် သို့မဟုတ် အဆိုပါ အခါသမယများ၏ နောက် (အခါသမယတွင် အသုံးပြုခြင်းမရှိလျင် ဆိုခဲ့သည့်အမိန့်ကို မထုတ်ဆင့်ရ။
(၃) အဆိုပါ အခွင့်အရေး မတည်ရှိကြောင်း ဆိုခဲ့သည့် တရားသူကြီးက ယူဆလျှင် ယင်းသို့ တည်ရှိသည်ဆိုသော အခွင့်အရေးကို မည်သို့မျှ သုံးစွဲခြင်းမပြုရန် တားမြစ်သည့် အမိန့် တစ်ရပ် ထုတ်ရမည်။
(၄) ဤပုဒ်မအရ ချမှတ်သည့် အမိန့်တစ်ရပ်ကို ၎င်းထက်နောက်ကျသော စီရင်ပိုင်ခွင့် အာဏာရှိသည့် တရားမ တရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက်က လွှမ်းမိုးစေရမည်။