ပုဒ်မ ၄၆၅
ပုဒ်မ ၄၆၅
စက်ရှင်တရားရုံးသို့ဖြစ်စေ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ဖြစ်စေ လွှဲအပ်တင်ပို့ခြင်းခံရသူမှာ ရူးသွပ်သူ ဖြစ်သည့် အခါ လိုက်နာရန်ကျင့်ထုံး။

(၁) စက်ရှင်တရားရုံးရှေ့ဖြစ်စေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ရှေ့ဖြစ်စေ စစ်ဆေး စီရင်ရန် လွှဲအပ်တင်ပို့ ခြင်းခံရသူမှာ၊ စစ်ဆေးစီရင်သည့်အခါ စိတ်ပေါ့သွပ်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ခြင်းကြောင့် ထုချေနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း တရားရုံးက ယူဆလျှင် ယင်းကဲ့သို့ စိတ်ပေါ့သွပ်ခြင်း ရှိ မရှိနှင့် ထုချေနိုင်စွမ်း ရှိ မရှိကို ဂျူရီကဖြစ်စေ၊ တရားရုံးကဖြစ်စေ ပထမဦးစွာ စစ်ဆေးရမည်။ စိတ်ပေါ့သွပ်ကြောင်းနှင့် ထုချေနိုင်စွမ်းမရှိကြောင်းများကို ဂျူရီ၊ သို့မဟုတ် တရားရုံးက ကျေနပ်လျှင် ထိုကဲ့သို့ ကျေနပ်ကြောင်း ဆုံးဖြတ်ချက်ကို မှတ်တမ်းတင်၍ မှုခင်းကိစ္စများကို ရွှေ့ဆိုင်းရမည်။ ဂျရီရှိခဲ့လျှင်လည်း ဖျက်သိမ်းရမည်။

(၂) တရားခံ စိတ်ပေါ့သွပ်ကြောင်း၊ ခုခံချေပနိုင်စွမ်းမရှိကြောင်းနှင့်စပ်လျဉ်း၍ စစ်ဆေးစီရင်ခြင်းသည် တရားရုံးရှေ့ စစ်ဆေးစီရင်သည့်အမှုတွင် အပါအဝင်ဖြစ်ကြောင်း မှတ်ယူရမည်။