သက်သေတစ်ဦးကို မယုံကြည်ထိုက်ကြောင်းဖြင့် စွပ်စွဲလိုလျှင် ဆန့်ကျင်ဘက် အမှုသည်ကဖြစ်စေ၊ တရားရုံးကခွင့်ပြုပါက ထိုသက်သေကိုတင်ပြသောအမှုသည်က ဖြစ်စေ အောက်ပါနည်းလမ်းများဖြင့် စွပ်စွဲနိုင်သည်-
(၁) မိမိတို့သိရသမျှထိုသက်သေမှာယုံကြည်ထိုက်သူမဟုတ်ကြောင်း သက်သေခံကြသောသူတို့၏သက် သေခံချက်၊
(၂) ထိုသက်သေသည် သက်သေခံရန်အတွက်တံစိုးလက်ဆောင်ရရှိထားကြောင်း သို့မဟုတ် တံစိုးလက် ဆောင် ပေးမည်ဟူသော ကမ်းလှမ်းချက်ကိုရရှိထားကြောင်း သို့မဟုတ် အခြားမတော်မဖြောင့်သော သွေးဆောင်မှုတစ်ခုခုကို ရရှိထားကြောင်းသက်သေအဖြစ်တင်ပြခြင်း၊
(၃) ထိုသက်သေ၏ယခုသက်သေခံချက်တစ်စိတ်တစ်ဒေသသည် တိုက်ဆိုင်၍မေးမြန်းခြင်း ပြုထိုက်ပါ က ယခုထွက်ဆိုချက်နှင့် မညီမညွတ်ဖြစ်နေသောယခင်ထွက်ဆိုချက်များရှိနေကြောင်းသက်သေထင်ရှား ခြင်း၊
(၄) ယောက်ျားတစ်ဦးအားမုဒိမ်းမှုဖြင့်ဖြစ်စေ၊ မုဒိမ်းကျင့်ရန်အားထုတ်မှုဖြင့်ဖြစ်စေ၊ အရေးယူသော အမှုတွင်စွပ်စွဲသူ အမျိုးသမီးသည် အကျင့်စာရိတ္တပေါ့ပျက်သူ ဖြစ်ကြောင်းတင်ပြချက်။
ရှင်းလင်းချက်။ သက်သေတစ်ဦးက အခြားသက်သေတစ်ဦးမှာယုံကြည်ထိုက်သူ မဟုတ် ကြောင်းဖြင့် ထွက်ဆိုရာ၌ မူလစစ်မေးခြင်းဖြစ်ပါက မည်သည့် အကြောင်းကြောင့် မိမိထိုသို့ယုံကြည်မှတ်ယူသည်ကို ဖော်ပြခြင်းမပြုဘဲ နေနိုင်သည်။ သို့သော်လည်း ပြန်လှန်စစ်မေးသည့်အခါတွင်မူ မည်သည့်အကြောင်း ကြောင့် ထိုသို့ယုံကြည်မှတ်ယူခဲ့ကြောင်း ထိုသူ့အားမေးမြန်းနိုင်သည်။ ထိုမေးမြန်းချက်နှင့် စပ်လျဉ်း၍ ထိုသူ၏ ဖြေဆိုချက်များကိုဆန့်ကျင်၍ မေးမြန်းခြင်း၊ သက်သေခံတင်ပြခြင်း မပြုနိုင်ချေ။ သို့ရာတွင် ထိုဖြေဆိုချက်များမမှန်ကန်လျှင် မမှန်သက်သေခံမှုဖြင့် ထိုသူ့အားနောက်ကာလတွင်စွဲချက်ပြု၍ အရေး ယူနိုင်သည်။
ဥပမာများ
(က) A က B သို့ရောင်းချပေးအပ်လိုက်သော ကုန်ပစ္စည်းများ၏အဖိုးငွေရလိုမှုဖြင့် B အားတရားစွဲဆို သည်။ A သည် B သို့ကုန်ပစ္စည်းများပေးအပ်ခဲ့ကြောင်းဖြင့် C ကထွက်ဆိုသည်။
A သည် အဆိုပါကုန်ပစ္စည်းများကို B အားမပေးအပ်ခဲ့ဟု ယခင်တစ်ကြိမ်က C ထွက်ဆိုခဲ့ကြောင်းသက် သေခံတင်ပြရန်အဆိုပြုသည်။
ထိုသက်သေခံချက်သည် သက်သေခံဝင်သည်။
(ခ) A သည် B အားလူသတ်မှုဖြင့်တရားစွဲဆိုခြင်းခံရသည်။ B သေဆုံးရသောဒဏ်ရာသည် A ပြုလုပ် သော ဒဏ်ရာဖြစ်ကြောင်းဖြင့် B သေခါနီးဆဲဆဲတွင် ပြောဆိုသွားသည်ဟု C ကထွက်ဆိုသည်။
ထိုဒဏ်ရာသည် A ကသော်လည်းကောင်း၊ ထိုသူ၏မျက်မှောက်၌သော်လည်းကောင်း ပြုလုပ်ခဲ့သည့် ဒဏ်ရာမဟုတ်ကြောင်းဖြင့် ယခင်တစ်ကြိမ်က C ပြောဆိုခဲ့ကြောင်းဖော်ပြ၍ သက်သေခံတင်ပြရန်အဆိုပြုသည်။
ထိုသက်သေခံချက်သည် သက်သေခံဝင်သည်။