ရေးသားဖော်ပြချက်သည် တစ်ဦးနှင့်တစ်ဦးပြောကြားသည့် စကားတွင်ဖြစ်စေ၊စာတမ်းအမှတ် အသားတွင်ဖြစ်စေ၊စာအုပ်တွင်ဖြစ်စေ၊ ပေးစာများတွင်ဖြစ်စေ၊ စာရွက်စာတမ်းများတွင်ဖြစ်စေတစ် စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေသည့်အခါ မည်သို့သောသက်သေခံချက်ကို တင်ပြနိုင်ခြင်း။
ရေးသားဖော်ပြချက်တစ်ခုခုနှင့်စပ်လျဉ်း၍ သက်သေခံတင်ပြရာ၌ထိုရေးသားဖော်ပြချက်သည် ပိုမို ရှည်လျားသော ရေးသားဖော်ပြချက်တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ဦးနှင့်တစ်ဦးပြောကြားသည့် စကားများအနက်မှ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တသီးတခြားရှိနေသည့် စာတမ်းအမှတ်အသားတစ်ခု ၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်အခါ သို့မဟုတ် စာအုပ်တစ်အုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စာတမ်းတွင် ပါရှိသည့်အခါ သို့မဟုတ် တစ်ဆက်တည်းဖြစ်သောပေးစာများ သို့မဟုတ် တဆက်တည်းဖြစ်သော စာရွက်စာတမ်းများ၏တစ်စိတ်တစ်ပိုင်းဖြစ်သော စာတမ်းတွင်ပါရှိသည့်အခါ တရားရုံးကလိုအပ်သည်ဟု ယူဆသမျှကို သက်သေခံတင်ပြရမည်။ အဆိုပါ ရေးသားဖော်ပြချက်၊ ပြောစကား၊ စာတမ်းအမှတ်အသား ၊ စာအုပ်များ သို့မဟုတ် စာရွက်စာတမ်းများတွင် သက်သေခံ တင်ပြရန် ဖြစ်သော ရေးသားဖော်ပြချက်၏ သဘောသဘာဝနှင့် အကျိုးသက်ရောက်မှုကိုလည်းကောင်း၊ ထိုသို့ရေးသားပြောဆိုစဉ်က ရှိနေသော အခြေအနေကိုလည်းကောင်း၊ အပြည့်အစုံ နားလည်သဘော ပေါက်စေခြင်းငှာ သက်ဆိုင်ရာအမှု၌တရားရုံးက လိုအပ်သည်ဟုယူဆသမျှကိုသာ သက်သေခံ တင်ပြရ မည်ဖြစ်သည်။