မည်သူမဆို ရွေးကောက်ခံမည့်သူတစ်ဦး၏ စာဖြင့်ရေးသားထားသော ယေဘုယျ သို့မဟုတ် အထူးခွင့်ပြုချက်မရရှိဘဲ ထိုသူရွေးကောက်ခံရခြင်းကို အားပေးခြင်း သို့မဟုတ် ရယူခြင်းအလို့ငှာ အများပြည်သူဆိုင်ရာ အစည်းအဝေးတစ်ရပ်ရပ် ကျင်းပပြုလုပ်သည့်အတွက် သော်လည်းကောင်း၊ ကြော်ငြာခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ဝေခြင်းအတွက် သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့် သော်လည်းကောင်း စရိတ်ကျခံလျှင် သို့မဟုတ် စရိတ်ကျခံရန် ခွင့်ပြုလျှင် ထိုသူကို ကျပ်ငါးသောင်းထိ ငွေဒဏ်ချမှတ်ရမည်။
သို့ရာတွင် သူတစ်ဦးဦးသည် ခွင့်ပြုချက်မရှိဘဲ ကျပ်တစ်ထောင်ထက်မပိုသောစရိတ်ကို ကျခံပြီးနောက် ထိုစရိတ်များကိုကျခံသည့်နေ့မှ ဆယ်ရက်အတွင်း ရွေးကောက်ခံမည့်သူ၏ စာဖြင့်ရေးသားသည့် သဘောတူညီချက်ကိုရရှိလျှင် ထိုသူသည် ထိုရွေးကောက်ခံမည့်သူ၏ ခွင့်ပြုချက်ဖြင့် ထိုစရိတ်များကို ကျခံသည်ဟု မှတ်ယူရမည်။