ပုဒ်မ ၅၂၂
ပုဒ်မ ၅၂၂
မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ပြန်၍ လက်ရှိပိုင်ဆိုင်စေရန် ပေးအပ်နိုင်ခွင့်အာဏာ

(၁) ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု၊ သို့မဟုတ် အနိုင်အထက်ပြုကျင့်မည့် ဟန်အမူအရာပြသမှု၊ သို့မဟုတ် ပြစ်မှုမကင်းသော ခြောက်လှန့်မှုပါသည့် ပြစ်မှုတစ်စုံတစ်ရာအတွက် လူတစ်ဦးတစ်ယောက်အပေါ် ပြစ်မှုထင်ရှားစီရင်သည့်အခါတိုင်း၊ ထို့ပြင် ထိုကဲ့သို့ အနိုင်အထက်ပြုမှု၊ သို့မဟုတ် အနိုင်အထက်ပြုကျင့်မည့် ဟန်အမူအရာပြသမျှ၊ သို့မဟုတ် ပြစ်မှုမကင်းသော ခြောက်လှန့်မှုကြောင့် တစ်ဦးတစ်ယောက်သော သူမှာမရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်ကို လက်လွတ်ခဲ့ရသည်ဟု ပေါ်ပေါက်လျှင် တရားရုံးက သင့်သည် ထင်မြင်လျှင် အဆိုပါ ပြစ်မှုကျူးလွန်သူကို ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်သည့်နေ့မှ တစ်လအတွင်း မည်သည့် အချိန်အခါမဆို ၎င်းပစ္စည်း လက်လွတ်လိုက်ရသူအား ပစ္စည်းလက်ရှိပိုင်ဆိုင်ခွင့်ကို ပြန်လည်ပေးအပ်စေရန် အမိန့်ချမှတ်နိုင်သည်။

(၂) ဆိုခဲ့သည့် မည်သည့်အမိန့်အရမျှ အဆိုပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတွင် တစ်စုံတစ်ယောက်သော သူကတရားမရုံး၌ ထင်ရှားစေနိုင်သည့် ပိုင်ဆိုင်ခွင့်၊ သို့မဟုတ် အကျိုးစီးပွား တစ်စုံတစ်ရာကို မထိခိုက်စေရ။

(၃) ဤပုဒ်မအရ ချမှတ်ခွင့်ရှိသည့်အမိန့်ကို မည်သည့် အယူခံရုံး၊ အတည်ပွဲရုံး၊ စောဒကရုံး၊ သို့မဟုတ် ပြင်ဆင်မှုရှုံးကမဆို ချမှတ်နိုင်သည်။