ပုဒ်မ ၄၃၅ အရဖြစ်စေ၊ အခြားနည်းဖြစ်စေ အမှုမှတ်တမ်း တစ်စုံတစ်ရာကို ကြည့်ရှု စစ်ဆေးသည့်အခါ အဆိုပါအမှုကို ခရိုင်တရားရုံးကသာ စစ်ဆေးစီရင်နိုင်ကြောင်း၊ ထို့ပြင်လက်အောက်ခံ တရားရုံးကလည်း တရားခံတစ်စုံတစ်ယောက်ကို စွဲချက်မတင်မီ မလွှတ်သင့်ဘဲ လွှတ်လိုက်ကြောင်း စက်ရှင်တရားသူကြီးဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ ထင်မြင်လျှင် ၎င်းခရိုင်တရားသူကြီးက ၎င်းတရားခံကို ဖမ်းဆီးစေပြီးလျှင် အမှုကို အသစ်ထပ်မံစုံစမ်းစစ်ဆေးရန် ဆင့်ဆိုမည့်အစား စွဲချက်မတင်မီ မလွှတ်သင့်ဘဲ လွှတ်လိုက်ကြောင်းနှင့် ၎င် ခရိုင်တရားသူကြီးက ထင်မြင်သည့်အချက်ကို စစ်ဆေးစီရင်ရန်အလို့ငှာ ၎င်းတရားခံကို လွှဲအပ်တင်ပို့စေရန် အမိန့်ချမှတ်နိုင်သည်။
သို့ရာတွင်-
(က) တရားခံမှာ ၎င်းကို မည်သည့်အကြာင်းကြောင့် လွှဲအပ်တင်ပို့ခြင်း မပြုသင့်ကြောင်း အဆိုပါတရားသူကြီး၊ သို့မဟုတ် ရာဇဝတ် တရားသူကြီးထံ အကြောင်းပြထုချေခွင့် ရစေရမည်။
( ခ ) သက်သေခံချက်များအရ အခြားပြစ်မှုတစ်စုံတစ်ရာကို ၎င်းတရားခံ ကျုးလွန်ကြောင်း အဆိုပါ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ် တရားသူကြီးက ထင်မြင်လျှင် ထိုပြစ်မှုကိုစုံစမ်းစစ်ဆေးရန် အဆိုပါ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက လက်အောက်ခံ တရားရုံးကို ညွှန်ကြားနိုင်သည်။