အရာတစ်ခုပြုခြင်းကို သူတစ်ဦးက အားပေးကူညီသည်ဆိုသည်မှာ ထိုသူသည်-
ပထမ။ သူတစ်ဦးဦးအား ထိုအရာကို ပြုစေရန်လှုံ့ဆော်ခြင်း သို့မဟုတ်
ဒုတိယ။ ထိုအရာကို ပြုစေရန် အခြားသူတစ်ဦးနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ ပူးပေါင်းကြံစည် သည့်အတိုင်းလည်းဖြစ်၍ ထိုအရာကိုပြုရန် အလို့ငှာလည်းဖြစ်သော ပြုလုပ်မှုတစ်ခု သော်လည်းကောင်း၊ ဥပဒေနှင့်မညီ ပျက်ကွက်မှုတစ်ခုသော်လည်းကောင်း ဖြစ်ပွားလျှင် ထိုသို့မိမိက ပူးပေါင်းကြံစည်ခြင်း၊ သို့မဟုတ်
တတိယ။ ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ဥပဒေနှင့်မညီ ပျက်ကွက်မှုဖြင့်သော်လည်းကောင်း ထိုအရာပြုခြင်းကို တမင်ကူပံ့ခြင်းတို့ဖြစ်သည်။
ရှင်းလင်းချက် ၁။ သူတစ်ဦးသည် မမှန်သည့် အကြောင်းခြင်းရာတစ်ခုကို မမှန်ကြောင်းသိလျက်နှင့် တမင်ပြောဆိုခြင်းဖြင့်ဖြစ်စေ၊ အရေးပါသည့် အကြောင်းခြင်းရာတစ်ခုကို ထုတ်ဖော်ရန်တာဝန်ရှိလျက် တမင်ထိမ်ချန်ခြင်းဖြင့်ဖြစ်စေ မိမိအလိုအလျောက် သူတစ်ပါးအား အရာတစ်ခုကိုပြုစေလျှင် သို့မဟုတ် ပြုစေရန်အားထုတ်လျှင်သော်လည်းကောင်း၊ မိမိအလိုအလျောက် အရာတစ်ခုပြုမှုကို ဖြစ်မြောက်စေရန် သို့မဟုတ် ထိုသို့ဖြစ်မြောက်စေရန် အားထုတ်လျှင်သော်လည်းကောင်း ထိုသူသည် ထိုအရာကိုပြုစေရန် လှုံ့ဆော်သည်မည်၏။
ဥပမာ
ပြည်သူ့ဝန်ထမ်း A သည် Z ကိုဖမ်းဆီးရန် တရားရုံးမှ ဝရမ်းအမိန့်ရရှိ၏။ ထိုသို့ အမိန့်ရရှိကြောင်းကို B က သိ၏။ C အဖမ်းခံရစေရန် C သည် Z မဟုတ်ကြောင်းသိလျက်နှင့် Z ဖြစ်သည်ဟု A အား B က တမင်ပြောဆိုသဖြင့် C အဖမ်းခံရ၏။ ဤအမှုတွင် B သည် လှုံ့ဆော်ခြင်းဖြင့် အားပေးကူညီရာ ရောက်သည်။
ရှင်းလင်းချက် ၂။ မည်သူမဆို ပြုလုပ်မှုတစ်ခုကို မပြုမီဖြစ်စေ၊ ပြုဆဲအခါတွင်ဖြစ်စေ ထိုပြုလုပ်မှု ဖြစ်မြောက်လွယ်ကူစေခြင်းငှာ အရာတစ်ခုခုကိုပြု၍ ထိုသို့ပြုခြင်းဖြင့် ပြုလုပ်မှု ဖြစ်မြောက်ရန် လွယ်ကူစေလျှင် ထိုသူသည် ထိုပြုလုပ်မှုကိုပြုရန် ကူပံ့သည်မည်၏။