နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသူများက (၁) ဥပဒေနှင့်မညီသော ပြုလုပ်မှုကို သော်လည်းကောင်း၊ (၂) ဥပဒေနှင့် မညီသောနည်းဖြင့် ဥပဒေနှင့်ဆန့်ကျင်သည် မဟုတ်သော ပြုလုပ်မှုကို သော်လည်းကောင်း ပြုရန် သို့မဟုတ် ပြုစေရန် သဘောတူညီလျှင် ထိုသဘောတူညီချက်ကို ရာဇဝတ် မကင်းသော ပူးပေါင်းကြံစည်မှုဟုခေါ်သည်။
သို့ရာတွင် ပြစ်မှုကျူးလွန်ရန် သဘောတူညီချက်မှအပ သဘောတူညီချက်တစ်ခုခုတွင် ပါဝင်သူတစ်ဦးက ဖြစ်စေ၊ အများကဖြစ်စေ သဘောတူညီသော်လည်း သဘောတူညီသည့်အတိုင်း ပြုလုပ်မှုတစ်ခုခုကို မပြုသမျှ ထိုသဘောတူညီချက်သည် ရာဇဝတ်မကင်းသော ပူးပေါင်း ကြံစည်မှုမမြောက်။
ရှင်းလင်းချက်။ ဥပဒေနှင့်မညီသော ပြုလုပ်မှုသည် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ရင်း အချက်ဖြစ်သည် မဖြစ်သည် သို့မဟုတ် ထိုရည်ရွယ်ရင်းအချက်နှင့် အကြောင်းသင့် ဆက်စပ်သည် မဆက်စပ်သည်တို့မှာ အရေးပါသောအချက် မဟုတ်။