(၁) ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးသည် လွတ်ထွက် ပြေးနေသော အကျဉ်းသား၊ ပြစ်မှုကျူးလွန်ကြောင်း ကြေညာခြင်းခံရသူ သို့မဟုတ် အာမခံ မပေးနိုင်သောပြစ်မှုဖြင့် စွပ်စွဲခံရပြီး တိမ်းရှောင်နေသူ မည်သူ့ကိုမဆို ဖမ်းဆီးပေးရန် မိမိစီရင်ပိုင်ခွင့်နယ်မြေအတွင်းရှိ မည်သည့်မြေရှင် (မြေတွင်နေထိုင်သူ) သို့မဟုတ် မြေကို စီမံလုပ်ကိုင် သူတို့ထံ ဝရမ်းထုတ်ပေးနိုင်သည်။
(၂) အဆိုပါမြေရှင် (လက်ရှိမြေတွင်နေထိုင်သူ) သို့မဟုတ် မြေကိုစီမံလုပ်ကိုင်သူသည် ဝရမ်းကို လက်ခံရရှိကြောင်း စာဖြင့်ရေးသားပြန်ကြားရမည့်အပြင် အကယ်၍ ဝရမ်း ထုတ်ခံ ရသူသည် မိမိပိုင်မြေ သို့မဟုတ် မိမိစီမံလုပ်ကိုင်သည့် မြေပေါ်တွင်ရှိနေလျှင် သို့မဟုတ် မိမိပိုင်မြေ သို့မဟုတ် မိမိစီမံလုပ်ကိုင်သည့်မြေပေါ်သို့ ဝင်ရောက်ရှိနေလျှင် ဝရမ်းကို အတည်ပြုပေးရမည်။
(၃) ဝရမ်းထုတ်ခံရသူကို ဖမ်းဆီးရမိသည့်အခါ ထိုသူကို ဝရမ်းနှင့်အတူအနီးဆုံး ရဲအရာရှိသို့ လွှဲအပ်ရမည်။ ထိုရဲအရာရှိသည် ပုဒ်မ ၇၆ အရ အာမခံယူထားသည် မဟုတ်လျှင် အမှုကို စီရင်ပိုင်ခွင့်အာဏာရှိသော ရာဇဝတ်တရားသူကြီးရှေ့သို့ ထိုသူအား ခေါ်ဆောင် သွားရမည်။