ငွေလွှဲစာချုပ်တစ်ခုကို ရေးသားထုတ်ပေးသူမှာထိုသို့ရေးသားထုတ်ပေးပိုင်ခွင့်သော်လည်း ကောင်း၊ ယင်းကို အတည်ပြုလက်မှတ်ရေးထိုးပိုင်ခွင့်သော်လည်းကောင်း မရှိကြောင်းဖြင့်ထိုငွေလွှဲစာ ချုပ်လက်ခံသူက ငြင်းဆိုခွင့်မရှိစေရ။ ၎င်းအပြင်တစ်ဦးတစ်ယောက်အားပစ္စည်းအပ်နှံသူ သို့မဟုတ် အခွင့်အမိန့်ပေးအပ်သူမှာ ထိုပစ္စည်းအပ်နှံခြင်း စတင်သည့်အချိန်က သို့မဟုတ် ထိုအခွင့်အမိန့်ကို ပေးအပ်ခြင်း စတင်သည့်အချိန်က ထိုသို့ပစ္စည်း အပ်နှံပိုင်ခွင့်သော်လည်းကောင်း၊ အခွင့်အမိန့်ပေးအပ်ပိုင်ခွင့်သော်လည်းကောင်း မရှိကြောင်းဖြင့်ပစ္စည်းအပ်နှံခံရသူက သို့မဟုတ် အခွင့်အမိန့်ရသူကငြင်းဆို ခွင့်မရှိစေရ။
ရှင်းလင်းချက် (၁) ။ ငွေလွှဲစာချုပ်တစ်ခုကိုရေးသားထုတ်ပေးသည်ဆိုသူသည် အမှန်စင်စစ် ထိုငွေလွှဲ စာချုပ်ကို ရေးသားထုတ်ပေးခြင်းမပြုကြောင်းဖြင့် ထိုငွေလွှဲစာချုပ်လက်ခံသူက ငြင်းဆိုနိုင်သည်။
ရှင်းလင်းချက် (၂) ။ ကုန်ပစ္စည်းအပ်နှံခံရသူတစ်ဦးသည် မိမိထံအပ်နှံထားသည့်ကုန်ပစ္စည်းများကို ထိုကုန်ပစ္စည်းအပ်နှံသူမှတစ်ပါး အခြားသူအား ပေးအပ်လိုက်လျှင်ထိုအခြားသူမှာ ထိုကုန်ပစ္စည်း အပ်နှံသူထက် ယင်းကုန်ပစ္စည်းများကို ရထိုက်ခွင့်ရှိကြောင်း ထင်ရှားအောင် ကုန်ပစ္စည်းအပ်နှံခံရသူက သက်သေ ထင်ရှားတင်ပြနိုင်သည်။