(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ တရားသူကြီးတစ်ဦးရှေ့ ပြစ်မှုဆိုင်ရာ မူလစီရင် ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ စစ်ဆေးစီရင်မှုတစ်မှုတွင် တစ်ဦးတစ်ယောက်အပေါ်ပြစ်မှုတစ်ရပ်နှင့် ပြစ်မှုထင်ရှားစီရင်သည့်အခါ ထိုသူကို စစ်ဆေးစီရင်ရာတွင် ဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာ ပေါ်ပေါက်ပြီး ထိုပြဿနာနှင့်စပ်လျဉ်းသော အဆုံးအဖြတ်သည် စစ်ဆေးစီရင်မှုကို တစ်စုံတစ်ရာ ထိခိုက်မည်ဟု တရားသူကြီးက သင့်သည်ထင်မြင်လျှင် ထိုပြဿနာကို သီးသန့်ထား၍ အဆိုပါ တရားရုံးမှ တရားသူကြီးနှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်ပိုသော တရားသူကြီးများ၏ ဆုံးဖြတ်ချက် ရယူရန် ထိုတရားသူကြီးက စောဒက တင်သွင်းနိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)
ပြဿနာသီးသန့်ထားသည့်အခါ လိုက်နာရန်ကျင့်ထုံး
(၂) တရားသူကြီးက အဆိုပါ ပြဿနာတစ်စုံတစ်ရာကို သီးသန့်ထားလျှင် ထိုပြဿနာကို ဆုံးဖြတ်ချက်မချမီ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို အကျဉ်းထောင်တွင် ပြန်၍ ချုပ်ထားစေရမည်၊ သို့မဟုတ် တရားသူကြီးက သင့်သည်ထင်မြင်လျှင် ထိုသူတို့ အာမခံ ပေးရမည်။ ထို့နောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ၎င်းအမှုကိုဖြစ်စေ၊ သင့်ရာ အချက်အလက်ကိုဖြစ်စေ ထပ်မံသုံးသပ်ပြီး အဆိုပါပြဿနာနှင့်စပ်လျဉ်း၍ အပြီးသတ် ဆုံးဖြတ်ရမည့်အပြင် မူလစီရင်ပိုင်ခွင့် အာဏာသုံးစွဲသော တရားရုံးကချမှတ်သည့်ပြစ်ဒဏ်ကို ပြောင်းလဲခြင်းမှအစ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က သင့်သည် ထင်မြင်သည့်အတိုင်း စီရင်ချက်၊ သို့မဟုတ် အမိန့်ချမှတ်ရန်အာဏာ ရှိစေရမည်။(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)