(က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိကြောင်း သိရှိလျှင်သော် လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်၊
(ခ) ပုဒ်မခွဲ (က)အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန် ကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။