အခြားအမှုများကို တရားပြိုင်နေထိုင်ရာ ဒေသအတွင်း၌ဖြစ်စေ၊ တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်ရာ ဒေသအတွင်းတွင်ဖြစ်စေ စွဲဆိုရခြင်း
အထက်ပါ ကန့်သတ်ချက်များမှအပ အခြားတရားမမှုများကို အောက်ပါ ဒေသများအတွင်း စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် စွဲဆိုရမည် -
- (က) တရားပြိုင်တစ်ဦးဖြစ်စေ၊ တရားပြိုင်တစ်ဦးထက် ပိုပါက ယင်းတရားပြိုင်တို့ အသီးသီးဖြစ်စေ အမှုစတင်စွဲဆိုချိန်၌ မိမိသဘောအလျောက် အမှန်တကယ် နေထိုင်ရာ (resides)၊ လုပ်ငန်းဆောင်ရွက်ရာ (carries on business) သို့မဟုတ် ကိုယ်ကျိုးအမြတ်အစွန်းအတွက် ကိုယ်တိုင် အလုပ်လုပ်ကိုင်ရာ (personally works for gain) ဒေသ၊ သို့မဟုတ်
- (ခ) တရားပြိုင်တစ်ဦးထက် ပိုပါက ယင်းတရားပြိုင်တို့အနက် တရားပြိုင်တစ်ဦးဦး အမှုစတင်စွဲဆိုချိန်၌ မိမိသဘောအလျောက် အမှန်တကယ် နေထိုင်ရာ၊ လုပ်ငန်းဆောင်ရွက်ရာ သို့မဟုတ် ကိုယ်ကျိုးအမြတ်အစွန်းအတွက် ကိုယ်တိုင် အလုပ်လုပ်ကိုင်ရာ ဒေသ (သို့ရာတွင် အဆိုပါ ကိစ္စမျိုး၌ တရားရုံး၏ ခွင့်ပြုချက် (leave of the Court) ပေးပြီး ဖြစ်ရမည်၊ သို့မဟုတ် အထက်ပါအတိုင်း မနေထိုင်သော၊ လုပ်ငန်းမဆောင်ရွက်သော သို့မဟုတ် အလုပ်မလုပ်ကိုင်သော ကျန်တရားပြိုင်များက ထိုသို့ တရားစွဲဆိုခြင်းကို သဘောတူလက်ခံပြီး (acquiesce) ဖြစ်ရမည်)၊ သို့မဟုတ်
- (ဂ) တရားစွဲဆိုရန်အကြောင်း (cause of action) လုံးဝဥဿုံဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပေါ်ပေါက်ရာ ဒေသ
- ရှင်းလင်းချက် ၁။ တစ်ဦးတစ်ယောက်သောသူသည် နေရာတစ်နေရာ၌ အမြဲတမ်းနေအိမ် (permanent dwelling) ရှိပြီး အခြားနေရာတစ်နေရာ၌ ယာယီနေအိမ် (temporary residence) လည်း ရှိပါက ယင်းသို့ ယာယီနေအိမ်ရှိသော နေရာ၌ ပေါ်ပေါက်သည့် တရားစွဲဆိုရန် အကြောင်းနှင့် စပ်လျဉ်း၍ ထိုသူသည် နေရာနှစ်ခုလုံး၌ နေထိုင်သည်ဟု မှတ်ယူရမည်။
- ရှင်းလင်းချက်၂ ။ ။ ကော်ပိုရေးရှင်း (corporation) တစ်ခုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ယင်း၏ တစ်ခုတည်းသော သို့မဟုတ် ပင်မအလုပ်ဌာန (principal office) တည်ရှိရာ နေရာ၌ ဖြစ်စေ၊ လက်အောက်ခံ အလုပ်ဌာန (subordinate office) ရှိသော မည်သည့်နေရာမဆို၌ ပေါ်ပေါက်သည့် တရားစွဲဆိုရန် အကြောင်းနှင့် စပ်လျဉ်း၍ ယင်းနေရာ၌ ဖြစ်စေ လုပ်ငန်းဆောင်ရွက်သည်ဟု မှတ်ယူရမည်။
ဥပမာများ
(က) အေသည် ရန်ကုန်မြို့ရှိ ကုန်သည်တစ်ဦးဖြစ်၍ ဘီသည် မန္တလေးမြို့တွင် လုပ်ငန်း ဆောင်ရွက်၏။ ဘီ သည် ရန်ကုန်မြို့ရှိ မိမိကိုယ်စားလှယ်မှတဆင့် အေ ထံမှ ကုန်များကို ဝယ်ယူ၍ မြန်မာ့မီးရထားသို့ ပေးအပ်ရန် အေ အားမှာကြား၏။ အေ သည် ဘီ မှာကြားသည့်အတိုင်း ကုန်များကို ရန်ကုန်မြို့တွင် ပေးအပ်၏။ ယင်းကုန်ဖိုးငွေများ ရရှိရန်အတွက် တရား စွဲဆိုရန် အကြောင်းပေါ်ပေါက်ရာ ရန်ကုန်မြို့တွင်ဖြစ်စေ၊ ဘီ လုပ်ငန်းဆောင်ရွက်ရာ မန္တလေး မြို့တွင်ဖြစ်စေ အေက ဘီ အပေါ် တရားစွဲဆို နိုင်သည်။
( ခ ) အေ သည် မေမြို့တွင် နေထိုင်၏။ ဘီ သည် ရန်ကုန်မြို့တွင် နေထိုင်၏။ စီ သည် မန္တလေး မြို့တွင် နေထိုင်၏။ အေ ၊ ဘီ နှင့် စီ တို့သည် ပြည်မြို့တွင် တွေ့ဆုံကြသောအခါ ဘီ နှင့် စီ တို့က ငွေပေးကတိစာချုပ်ကို ပူးတွဲချုပ်ဆိုပြီး အေ အားပေးအပ်ခဲ့၏။ အေ သည် ဘီ နှင့် စီ တို့အပေါ် တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ရာ ပြည်မြို့၌ တရားစွဲဆိုနိုင်သည်။ ဘီ နေထိုင်ရာ ရန်ကုန်မြို့ ၊ သို့မဟုတ် စီ နေထိုင်ရာ မန္တလေးမြို့တွင်လည်း တရားစွဲဆိုနိုင် သည်။ သို့ရာတွင် ဤအမှုအသီးသီးတွင် တရားစွဲဆိုရာ ဒေသ၌ နေထိုင်ခြင်းမရှိသော တရားပြိုင် ကန့်ကွက်လျှင် တရားရုံး၏ ခွင့်ပြုချက် မရရှိဘဲ အမှုကို ဆက်လက်ဆောင်ရွက်ခြင်း မပြုနိုင်။