ပုဒ်မ ၅၂၇
ပုဒ်မ ၅၂၇
နိုင်ငံတော်သမ္မတက ပြစ်မှုဆိုင်ရာ မူလမှု၊ သို့မဟုတ် အယူခံမှုများကို လွှဲပြောင်းနိုင်ခွင့်အာဏာ

(၁) မည်သည့်ပြစ်မှုဆိုင်ရာ မူလမှု၊ သို့မဟုတ် အယူခံမှုကိုမဆို တရားလွှတ် တော်တစ်ရပ်မှ အခြားတရားလွှတ်တော်တစ်ရပ်သို့လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တစ်ရပ်မှ အခြား တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တစ်ရပ်အောက်ရှိ ပြစ်မှုဆိုင်ရာ တရားရုံတစ်ရုံးမှ အခြား တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တစ်ရပ် လက်အောက်ရှိ တူညီသည့် စီရင်ပိုင်ခွင့်အာဏာဖြစ်စေ၊ အဆင့်မြင့်သည့် စီရင်ပိုင်ခွင့်အာဏာဖြစ်စေ ရရှိထားသည့် အခြားပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးရုံးသို့လည်းကောင်း လွှဲပြောင်းပေးလျှင် ထိုသို့လွှဲပြောင်းပေး ခြင်းသည် တရားဖြောင့်မှန်ရေးဖြစ်စေ၊ အမှုသည်များ၊ သို့မဟုတ် သက်သေများအဆင်ပြေနိုင် စေရန်ဖြစ်စေ အကြောင်းများရှိလိမ့်မည်ဟု ယူဆလျှင် ထိုသို့ လွှဲပြောင်းပေးနိုင်ကြောင်း နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည်။

ရှင်းလင်းချက်။ ဤပုဒ်မခွဲတွင် “တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်”ဆိုသည်မှာ (တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်)နှင့် မည်သည့် ဒေသန္တရနယ်မြေတွင်မဆို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က သတ်မှတ်ထားသည့် ပြစ်မှုဆိုင်ရာ အယူခံစီရင်ပိုင်ခွင့်အာဏာအတွင်းမပါဝင်သည့် အမြင့်ဆုံးအယူခံတရားရုံး၊ သို့မဟုတ် ပြင်ဆင်မှ တရားရုံးတို့ပါဝင်သည်။

(၂) လွှဲပြောင်းပေးပို့လိုက်သည့် အဆိုပါ မူလမှု၊ သို့မဟုတ် အယူခံမှုမျိုးကို လက်ခံရရှိသည့် တရားရုံးသည် ၎င်းအမှုများကို ၎င်းတရားရုံးတွင် မူလကတည်းက စွဲဆိုတင်သွင်း သည့်အနေဖြင့် စစ်ဆေးစီရင်ရမည်။