(၁) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူးသည် ပုဒ်မ ၁၅၆ အရ မိမိစုံစမ်းထောက်လှမ်းပိုင်ခွင့်ရှိသော ပြစ်မှု တစ်စုံတစ်ရာဖြစ်ပွားခဲ့ကြောင်း ရရှိသော သတင်းအရဖြစ်စေ၊ အခြားနည်း အရ ဖြစ်စေ သင်္ကာမကင်းရန် အကြောင်းရှိသောအခါ ရဲအစီရင်ခံစာအရ အဆိုပါပြစ်မှုကို အရေးယူရန် အာဏာရှိသည့် တရားသူကြီးတစ်ဦးထံသို့ ထိုအကြောင်းအရာကို ချက်ချင်း အစီရင်ခံရမည်။ ထို့ပြင် ဖြစ်ပွားရာ အရပ်သို့ မိမိကိုယ်တိုင် သွားရောက်၍ ဖြစ်စေ၊ ဤကိစ္စ အတွက် နိုင်ငံတော် သမ္မတက ယေဘုယျ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ်ထားသည့် အဆင့်ထက် မနိမ့်သော မိမိ လက်အောက်ခံ ရဲအရာရှိ တစ်ဦးဦးကို ထိုနေရာသို့ စေလွှတ်၍ ဖြစ်စေ အမှု၏ အကြောင်းခြင်းရာများကို စုံစမ်းထောက်လှမ်းပြီး လိုအပ်ပါက ကျူးလွန်သူ ကို ရှာဖွေဖမ်းဆီးရန် စေလွှတ်ရမည်။
သို့ရာတွင် -
ဒေသဆိုင်ရာ စုံစမ်းထောက်လှမ်းမှု မလိုခြင်း
(က) အဆိုပါပြစ်မှုကို မည်သူကျူးလွန်ကြောင်း နာမည်ဖော်ပြလျက် သတင်း တစ်စုံ တစ်ရာ ရရှိသောအခါ၊ ထို့ပြင်အမှုမှာ ကြီးလေးသည့်သဘော မဟုတ်သောအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူးသည် ကိုယ်တိုင် သွားရောက်ရန် သို့မဟုတ် လက်အောက် အရာရှိတစ်ဦးအား ဖြစ်ပွားရာအရပ်သို့ သွားရောက် ထောက်လှမ်း စုံစမ်းရန်အတွက် စေလွှတ်ရန်မလို။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူးက စုံစမ်းထောက်လှမ်းရန် လုံလောက်သော အကြောင်းမမြင်ခြင်း
(ခ) စုံစမ်းထောက်လှမ်းရန် လုံလောက်သောအကြောင်းမရှိဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူးက ယူဆလျှင် အမှုကို စုံစမ်းထောက်လှမ်းခြင်းမပြုရ။
(၂) ပုဒ်မခွဲ (၁) ၏ ခြွင်းချက် အပိုဒ် (က) နှင့် (ခ) တို့တွင် ဖော်ပြထားသော အမှုအသီးသီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးသည် သူ၏အစီရင်ခံစာ၌ ထိုပုဒ်မခွဲ၏ လိုအပ်ချက်များ အတိုင်း အပြည့်အဝ မဆောင်ရွက်ခြင်းအတွက် သူ၏ အကြောင်းပြချက်များကို ဖော်ပြ ရမည်။ ထို့ပြင် အပိုဒ် (ခ) ၌ ဖော်ပြထားသောအမှုတွင် အဆိုပါအရာရှိသည် သတင်းပေးသူ ရှိပါက ထိုသူအား နိုင်ငံတော် သမ္မတက သတ်မှတ်သည့် နည်းလမ်းအတိုင်း မိမိသည် အဆိုပါအမှုကို ထောက်လှမ်း ခြင်း သို့မဟုတ် ထောက်လှမ်းခြင်း ပြုမည်မဟုတ်ကြောင်း ချက်ချင်းအသိပေးရမည်။