မည်သူမဆို မိမိရှေ့မှောက်ရှိ သူတစ်ဦးဦးအား မိမိ၏ကိုယ်အမူအရာဖြင့် သို့မဟုတ် ပြင်ဆင်မှုဖြင့် ထိုသူအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု သုံးစွဲအံ့သည်ကို စိုးရိမ်လောက်အောင် ထိုကိုယ် အမူအရာဖြင့် သို့မဟုတ် ထိုပြင်ဆင်မှုဖြင့် ဖြစ်စေမည်ဟု ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ဖြစ်စေ တန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း ကိုယ်အမူအရာကို သို့မဟုတ် ပြင်ဆင်မှုကိုပြုလျှင် ထိုသူသည် လက်ရောက်မှုကို ကျူးလွန်သည်မည်၏။
ရှင်းလင်းချက်။ စကားသက်သက်သည် လက်ရောက်မှုမမြောက်။ သို့ရာတွင် ထိုသူသုံးစွဲသော စကားများ သည် ထိုသူ၏ ကိုယ်အမူအရာကို သို့မဟုတ် ပြင်ဆင်မှုကို လက်ရောက်မှုမြောက်သည့် အဓိပ္ပာယ် သက်ရောက်စေနိုင်သည်။
ဥပမာများ
(က) Z ကို ထိုးအံ့ဟု Z ယုံကြည်စေရန် ကြံရွယ်၍ဖြစ်စေ၊ ယုံကြည်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ A သည် Z အား လက်သီးဖြင့်ရွယ်၏။ A သည် လက်ရောက်မှုကို ကျူးလွန်သည်မည်၏။
(ခ) Z ကို ခွေးကိုက်စေအံ့ဟု Z ယုံကြည်စေရန် ကြံရွယ်၍ဖြစ်စေ၊ ယုံကြည်တန်ရာ သည်ကိုသိလျက် နှင့်ဖြစ်စေ A သည် ခွေးဆိုးတစ်ကောင်၏ နှုတ်သီးစွပ်ကို ဖြုတ်စပြု၏။ A သည် Z ကို လက်ရောက်မှု ကျူးလွန်သည်မည်၏။
(ဂ) “နင့်ကိုငါရိုက်မည်” ဟု Z အား ပြောလျက် A သည် တုတ်တစ်ချောင်းကို ကောက်ယူ၏။ ဤအချက် တွင် A ပြောသောစကားသက်သက်သည် မည်သည့်နည်းနှင့်မျှ လက်ရောက်မှုမမြောက်၊ ထို့ပြင် ပတ်ဝန်းကျင်အကြောင်းခြင်းရာမပါသော A ၏ ကိုယ်အမူအရာသက်သက်သည်လည်း လက်ရောက်မှု မမြောက်၊ သို့သော်လည်း အထက်ကဆိုခဲ့သည့် စကားများဖြင့် အဓိပ္ပာယ်ဖော်ထားသော A ၏ ကိုယ်အမူအရာမှာကား လက်ရောက်မှုမြောက်နိုင်သည်။