ပုဒ်မ ၂၉၄-က
ပုဒ်မ ၂၉၄-က
ထီရုံထောင်ခြင်း

မည်သူမဆို အစိုးရ၏ အခွင့်အမိန့်မရရှိဘဲ ထီဖွင့်ရန် သို့မဟုတ် ထီပွဲကို အားပေးအားမြှောက် ပြုရန် သို့မဟုတ် ထီပွဲကို စီမံကျင်းပရန်အလို့ငှာ ရုံတစ်ခုခုကို သော်လည်းကောင်း၊ နေရာတစ်ခုခုကို သော်လည်းကောင်း ထောင်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

မည်သူမဆို အဆိုပါ ထီပွဲတစ်ခုခုတွင် လက်မှတ်၊ ကံစမ်းမဲ၊ ကိန်းဂဏန်း သို့မဟုတ် ရုပ်ပုံတစ်ခုခုကို ထီဖွင့်ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ထိုထီပွဲတစ်ခုခု စီမံကျင်းပခြင်းနှင့်စပ်လျဉ်း၍ သော်လည်း ကောင်း ဖြစ်သည့်မဖြစ်သည့် အခြင်းအရာ သို့မဟုတ် မသေချာသော အခြင်းအရာတစ်ခုခုပေါ်တွင် မူတည်၍ ငွေပေးဆောင်မည် သို့မဟုတ် ပစ္စည်းပေးအပ်မည် သို့မဟုတ် သူတစ်ဦးဦး၏ အကျိုးဖြစ်မှု အတွက် အရာတစ်ခုခုကိုပြုမည် သို့မဟုတ် မပြုဘဲနေမည်ဟူ၍ ရည်ရွယ်ကြောင်းကို ကြော်ငြာလျှင် ထိုသူကို ကျပ်တစ်သိန်းထိ ငွေဒဏ်ချမှတ်ရမည်။

မည်သူမဆို ထီပွဲတစ်ခုခုတွင် ထီလက်မှတ်များ သို့မဟုတ် ကံစမ်းခွင့်များကို ထီလက်မှတ်အပေါ်တွင် ဖော်ပြထားသည့်အတိုင်း ရောင်းရင်းတန်ဖိုးအပြည့်ကိုရရှိ၍ ရောင်းချခြင်းမဟုတ်ဘဲ အခြားနည်း ထုတ်ဝေလျှင် သို့မဟုတ် ထုတ်ဝေရန်ကမ်းလှမ်းလျှင် သို့မဟုတ် ကြော်ငြာလျှင် ထိုသူကို ကျပ်တစ်သိန်းထိ ငွေဒဏ်ချမှတ်ရမည်။