(၁) ဂျူရီလူကြီးအဖြစ် တက်ရောက်ရန် ဆင့်ဆိုခြင်းခံရသူ မည်သူမဆို တရားသော အကြောင်းပြချက်မရှိဘဲ သမ္မန်စာအရ လိုအပ်သည့်အတိုင်း တက်ရောက်ရန် ပျက်ကွက်လျှင်၊ သို့မဟုတ် တက်ရောက်သော်လည်း တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာသွားလျှင်၊ သို့မဟုတ် ရက်ချိန်းရက်တွင် လာရောက်ရမည်ဟူ၍ တရားရုံးက အမိန့်ချမှတ်သည့်အတိုင်း တက်ရောက်ရန် ပျက်ကွက်လျှင် စက်ရှင်တရားရုံး၏အမိန့်အရ ကျပ်တစ်ရာထက် မပိုသောဒဏ်ငွေထမ်း ဆောင်ထိုက်စေရမည်။
(၂) ထိုဒဏ်ငွေကို အမိန့်ချမှတ်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနယ်မြေ အတွင်းရှိ အဆိုပါ ဂျူရီလူကြီးပိုင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ခရိုင်ရာဇဝတ် တရားသူကြီးက ဝရမ်းကပ်၍ ရောင်းချပြီး ရယူရမည်။
(၃) အကြောင်းလုံလောက်စွာ တင်ပြနိုင်လျှင် ဆိုခဲ့သည့်အတိုင်း ချမှတ်သည့် ဒဏ်ငွေကို တရားရုံးက ကင်းလွတ်ခွင့်သော်လည်းကောင်း၊ လျော့ပေါ့ခွင့်သော်လည်းကောင်း ပေးနိုင်သည်။
(၄) ထိုဒဏ်ငွေ့ကို ဆိုခဲ့သည့် အတိုင်း ဝရမ်းစွဲကပ်ရောင်းချ၍ မရနိုင်သည့်အခါ စက်ရှင်တရားရုံး၏ အမိန့်အရ ထိုဂျူရီလူကြီးကို တရားမအကျဉ်းထောင်တွင် တစ်ဆယ့်ငါးရက် ချုပ်ထားနိုင်သည်။ သို့သော် ၎င်းငွေကို တစ်ဆယ့်ငါးရက်မကုန်ဆုံးမီ ပေးဆောင်လျှင် ဂျူရီလူကြီး အား အချုပ်မှ လွှတ်ရမည်။