ပုဒ်မ ၂၉၅
ပုဒ်မ ၂၉၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာ အောက်ပါကိစ္စရပ်များအတွက် မူလမှုစီရင်ပိုင်ခွင့် အာဏာများရှိသည်

(၁) ပြည်ထောင်စုနိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင်အချင်းချင်းဆိုင်ရာ စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသောကိစ္စရပ်များ၊

(၂) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊

(၃) တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချင်းချင်း၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊

(၄) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။

(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့်အားလျော်စွာ နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည်၊

(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရ၊

(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့် အာဏာရှိသည်။ ထို့အပြင် အခြားတရားရုံးများကချမှတ်သော စီရင်ချက်များကို လည်း ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်၊

(င) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေနှင့်အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာရှိသည်။